သောက်လေ ငတ်မပြေ လှုပ်လေမြုပ်လေ ဆုပ်လေရူးလေ

(ဆောင်းပါးကဏ္ဍ) နိုဝင်ဘာ ၁၈
နေဇင်လတ်

     လောဘဆိုတာ ကြောက်စရာ အလွန်ကောင်းတယ်။ ရလေလိုလေ၊ သောက်လေ ငတ်မပြေလေပဲ၊ Su-premacy ဆိုတဲ့ ငါပဲအမြဲတမ်း ကြီးစိုးလွှမ်းမိုးရမယ်ဆိုတဲ့ လောဘ၊ ငါနဲ့ယှဉ်သူ ငါ့ရန်သူဆိုတဲ့ဒေါသတွေဟာ သဘာဝတရားကိုလျစ်လျူ ရှုထားရာ ကျလွန်းနေတယ်။ ဆိုဗီယက်ယူနီယံကြီးပြိုကွဲပြီး ၁၉၉ဝ နောက် ပိုင်း Unipo- lar Worldမှာ ပုခုံးယှဉ်လာသူကို ဖြိုခွဲရမယ်ဆိုတဲ့ တစ်ယူသန်ယုံကြည်မှုက ကိုယ့်ကိုယ်ကိုယ်ပြန်ဖျက်ဆီးလိုက်သလို ဖြစ်သွားစေခဲ့တယ်။

     အမေရိကန်အနေနဲ့ မဟာဗျူဟာ နှစ်မျိုးကို ရွေး ချယ်ပိုင်ခွင့်ရှိနေပါတယ်။
–   နန်းသက်ရှည်အောင်ပဲ .. ကြိုးစားမလား။
–    ဖြုတ်ချတဲ့နည်းမှာ အခန့်မသင့်ရင် နန်းသက်
     အတိုခံမလား။

      အမေရိကန်တွေ ဒုတိယနည်းကို ရွေးသွားခဲ့ကြပါတယ်။ ထရမ့်လက်ထက်မှာ တရုတ်ကို ထိပ်တိုက် မတွေ့ဘဲ ယှဉ်ပြိုင်ရင်း ကိုယ့်နန်းသက်ကိုရှည်အောင်ပဲ ကြိုးစားသင့်တယ်လို့ ပညာရှင်တွေ အကြံပေးခဲ့တာကို ထရမ့်က လက်မခံခဲ့ဘူး။ ကုန်သွယ်စစ်နဲ့ ထိပ်တိုက်တွေ့ကြတယ်။ ကုန် သွယ်စစ် မစခင်မှာ တရုတ် GDP Growth က အမေရိကန်နဲ့ နှစ်ဆသာ ကွာခဲ့ပေမဲ့ ကုန် သွယ်စစ်မပြီးခင်မှာတင် တရုတ်က အမေရိကန်ထက်နှစ်ဆခွဲဖြစ်သွားခဲ့တယ်။

     အဲ့ဒီသင်ခန်းစာကို မယူဘဲ ရုရှားကို ယူကရိမ်းစစ်နဲ့မျှားပြီး ဖြုတ်ချဖို့ ကြိုးစားခဲ့ပြန်တယ်။

လှုပ်လေ မြုပ်လေ

     အမေရိကန်ရဲ့ National Debt ဆိုတဲ့နိုင်ငံကြွေးမြီက ဒီနေ့မှာဆိုရင် $ 35.46 Trillion ဖြစ်သွားခဲ့ပါပြီ။ တစ်နှစ်ကို အနည်းဆုံး $ 2 Trillion ထပ်တိုးမယ်လို့ ဆိုပါတယ်။ US GDP က $ 29 Trillion ပဲရှိတယ်။ အကြွေးက GDP ထက် ပိုများနေတာကိုတွေ့ကြရပါလိမ့်မယ်။ ဒါဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေတစ်ခုပါ။

      အရင်က US ကို ဘယ်နိုင်ငံကမှ မပြိုင်ဆိုင်နိုင်ခဲ့ပါဘူး။ အခု US က တချို့နိုင်ငံတွေကို တချို့သောကဏ္ဍတွေမှာ မပြိုင်ဆိုင်နိုင်တော့ပါဘူး။ မျက်နှာစာများစွာမှာ ကျဆင်းနေတာတွေ့ရပါတယ်။ ဥပမာအားဖြင့် ကမ္ဘာ့အကောင်းဆုံးကျောင်းထိပ်ဆုံး ၁၀ ခုမှာ တစ်ချိန်က US အနေနဲ့ ငါးကျောင်းလောက်ပါဝင်ခဲ့ပေမဲ့ ဒီနေ့ သုံးကျောင်းလောက်အထိ လျော့ကျသွားသလို ကမ္ဘာ့ကားလောကမှာလဲ တရုတ်ကို ဈေးကွက်ဝေစုတွေ
အများကြီးပေးလိုက်ရပါတယ်။

      စစ်ရေးဘက်မှာကြည့်ရင်လဲ ရုရှားက ဟိုက်ပါဆောနစ်နည်းပညာပိုင်းမှာ အမေရိကန်ထက်အများကြီးသာလွန်သွားတာတွေ့ရပြီး ကုန်သွယ် ရေးပိုင်းမှာလဲ အမေရိကန်ဟာ နှစ်တိုင်းလိုငွေပြနေခဲ့တာ ကြာလှပါပြီ။ ရှေ့ဆက်ပြီးလဲ ကျဆုံးရဦးမဲ့ ကဏ္ဍတွေတချို့ကို တွေ့နေရဆဲဖြစ်ပါတယ်။

     ယူကရိမ်းစစ်မှာတင် အမေရိကန်ရဲ့ အထောက်အပံ့ဟာ $ 380 Billion ရှိသွားနေပြီ။ စစ်မပြီးမချင်းဘယ် လောက်ထပ်ကူရဦးမယ်ဆိုတာ မသိနိုင်သေးပါဘူး။ ဒီရက်ပိုင်းမှာတင် $ 925 Million တန်ဖိုးစစ်လက်နက်တွေ ယူကရိမ်းကို ထပ်ပေးရဦးမယ်လို့သတင်းတွေ တက်ထားပါတယ်။ အမေရိကန်ရဲ့အဖြစ်က ယူကရိမ်းစစ်မှာ လှုပ်လေမြုပ်လေ၊ ဆုပ်လေစူးလေအဖြစ်ကို ရောက်သွားခဲ့ပါပြီ။

      ရုရှားကို ယူကရိမ်းနယ်မြေထဲမှာ စစ်ဖန်တီးပြီး စစ်နွံနစ်မဲ့မဟာဗျူဟာဟာ အဲ့ဒီနွံထဲမှာ US ရော NATO ပါပြိုင်တူ နှစ်နေကြတာကို တွေ့ရပါတယ်။ ဒီနွံထဲက ဘယ်လိုပြန်ရုန်းထွက်ကြမလဲ။ Exit Strategy ကိုဘယ်လိုရေးဆွဲကြ မလဲက အရေးကြီးလာပါပြီ။

သူ့အရိုးနဲ့ သူထိုးသွားခဲ့တယ်

      ရုရှားကို စစ်ပွဲဖန်တီးပြီး US နဲ့ NATO ဝိုင်းတိုက်ကြရင် ရုရှားမခံနိုင်ဘဲ စစ်စရိတ်ထောင်းပြီး ပြိုကျသွားမယ်။ အခန့်မသင့်ရင် ပူတင်ပါဖယ်ရှားခံရလိမ့်မယ်ဆိုတဲ့ အနောက်အုပ်စုရဲ့မဟာဗျူဟာဟာ လက်တွေ့မှာအလုပ်မဖြစ်ခဲ့ပါဘူး။ စွမ်းအင်ကိုင်ထားတဲ့ ပူတင်ကသာ ဈေးတက်သွားတဲ့စွမ်းအင်က အပ်ရငွေတွေနဲ့ စစ်ကို ဆက်တိုက်နိုင်ခဲ့ပြီး US ရော NATO ပါ အကြွေးကိုယ်စီပိုတင်သွားတာကို တွေ့ကြရပါတယ်။

      ယူကရိမ်းစစ် နှစ်နှစ်ကျော်လာခဲ့ပါပြီ။ ကြာလေမြုပ်လေအဖြစ်ကိုလဲရောက်သွားခဲ့ကြပြီ။ ရုရှားက ဓာတ်ငွေ့တွေကို ဈေးတင်လိုက်ပြီး အပိုရလာတဲ့ငွေနဲ့ စစ်တိုက်သွားခဲ့တယ်။ သူ့အရိုးနဲ့သူပြန်ထိုးသွားတာပဲဖြစ်ပါတယ်။ စားသောက်ကုန်တွေ ဈေးမြင့်ရာကနေလဲ ရုရှားအတွက် ဝင်ငွေပိုများလာစေပါတယ်။ ယူကရိမ်းစစ်ကြောင့် ရုရှားကို ပိတ်ဆို့ရာကနေ ဘဏ်စနစ်၊ ဒေါ်လာအခြေခံထားစနစ်တွေပါ တော်လှန်ခံလိုက်ရလို့ အမေရိကန်ဘက်က အထိနာသွားတာတွေ့ရတယ်။ ပိုဆိုးသွားတာက အမေရိကန်ရဲ့ ဆန့်ကျင်ဘက်တွေဖြစ်တဲ့ တရုတ်၊ အီရန်၊ မြောက်ကိုရီးယားတွေဟာ ရုရှားနဲ့ ပိုနီးကပ်သွားတာပဲဖြစ်ပါတယ်။ ရုရှား – မြောက်ကိုရီးယားဆိုရင် Strategic Partnership အဆင့် လက်မှတ်ရေးထိုးလိုက်နိုင်ပြီး မြောက်ကိုရီးယားဘက်က စစ်သည် ၁၁,၂ဝဝ ကို ယူကရိမ်းစစ်မြေပြင်ဘက်စေလွှတ်ပြီး ရုရှားဘက်က ဝင်တိုက်ပေးမယ်ဆိုတဲ့အဆင့်အထိ ဖြစ်သွားတာတွေဟာ အမေရိကန်အရွေးမှားသွားတဲ့ မဟာဗျူဟာရဲ့ တန်ပြန်ရိုက်ခတ်မှုတွေ ဖြစ်ပါတယ်။

      နွံတောကြီးဖြစ်နေတဲ့ ယူကရိမ်းစစ်မှာ US ရော NATO ရော ငွေတွေထည့်လို့မဆုံးနိုင်ဖြစ်နေပါတယ်။ တစ်ဖက်မှာလဲ ရုရှားက နျူကလီးယားလက်နက် သုံးမှာကိုလဲ စိုးရိမ်နေရတဲ့ အခြေအနေမျိုးပါ။ ပြည်သူတွေနဲ့ အစိုးရတွေလဲ ထိပ်တိုက်တွေ့ကုန်ကြရပြီး အစိုးရတွေလဲ အပြစ်တင်ခံနေကြရပါတယ်။ ပြည်သူတွေဆီက ကောက်ခံတဲ့ အခွန်တွေနဲ့ ကိုယ့်ပြည်သူတွေအတွက်သုံးမှာလား၊ ယူကရိမ်းအတွက်သုံးမှာ လားဆိုတဲ့ စိန်ခေါ်ချက်ပြင်းတဲ့ပြည်သူတွေရဲ့အမေးကို အစိုးရတွေပြေလည်အောင် မဖြေရှင်းနိုင်ကြတာတွေလဲ ဖြစ်
လာခဲ့ပြန်ပါတယ်။ ဒီမှာတင် NATO ထဲမှာ ယူကရိမ်းစစ်ကို ဆက်ပြီးကူချင်သူနဲ့ မကူချင်ကြတော့တဲ့နိုင်ငံဆိုပြီး ကွဲပြားလာကာ NATO အတွင်းစည်းအက်ကြောင်း ပေါ်လာခဲ့တာကလဲ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်လာခဲ့ရပြန်ပါတော့တယ်။

NATO ကလက်ခံမလား နျူပေးမလား

       ဒီကြားထဲ ဇလန်စကီးဟာ ယူကရိမ်းကို NATO အဖွဲ့ဝင်အဖြစ် ပေးဖို့ တောင်းဆိုလာတယ်။ ဘိုင်ဒင်သမ္မတ သက်တမ်းမလွန်ခင်မှာ ယူကရိမ်းကို NATO အဖွဲ့ဝင်အဖြစ်လက်ခံဖို့ပေးမလား၊ ဒါမှမဟုတ် နျူလက်နက်ပေးမလား ဆိုတဲ့တောင်းဆိုသံထွက်လာတယ်။ အင်မတန်အန္တရာယ်ကြီးတဲ့တောင်းဆိုမှဖြစ်လို့ NATO နိုင်ငံတချို့က ပြင်းပြင်းထန်ထန်ကန့်ကွက်လေတော့ ဇလန်စကီး က သူ အဲ့ဒီလိုမပြောခဲ့ပါဘူးလို့ငြင်း
ပြန်တယ်။ ဒါပေမဲ့ အသံဖိုင်ကြီးရှိထားလေတော့ သိုသိုသိပ်သိပ်ပြန်လုပ်ကြရပြန်ပါတော့တယ်။

    ဂျာမဏီအဓိပတိကတော့ ယူကရိမ်းကို NATO အဖွဲ့ဝင်အဖြစ် လက်ခံလို့မရတော့ဘူးဆိုပြီးအပြတ်ငြင်းတာတွေ့ရတယ်။ အဖွဲ့ဝင်အဖြစ်လက်ခံလိုက်တာနဲ့ ပူတင့်ဘက်က နျူလက်နက်သုံးမှာကို ရင်မဆိုင်လိုတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အခြား NATOအဖွဲ့ဝင်တွေကလဲ ကန့်ကွက်ကြပါတော့တယ်။ ယူကရိမ်းစစ်ဖြစ်ရတာကလဲ အဲ့ဒီအဖွဲ့ဝင်နိုင်ငံ အဖြစ်လက်ခံမယ်ဆိုတာကြောင့် စစ်ပွဲဖြစ်ရတာမို့ဒီအချိန်မှာ ယူကရိမ်းကို လက်ခံလိုက်ရင် အခြားထောက်ခံတဲ့ နိုင်ငံတွေဆီ စစ်မီးကူးလာမှာကို ဘယ်သူကမှ ရင်ဆိုင်လိုကြမှာမဟုတ်ပါဘူး။ ရုရှားမှာ ဘယ်နိုင်ငံကမှ ပစ်မချနိုင်တဲ့ Satan – 2 လို ICBM နဲ့အစွမ်းထက် မစ်ဇိုင်းတွေ ပိုင်ဆိုင်ထားတာကြောင့် အခြား NATO အဖွဲ့ဝင်တွေက ရုရှားနဲ့ ဘယ်သူကမှထိပ်တိုက်မတွေ့လိုကြပါ။

      တစ်ဖက်မှာလဲ အစ္စရေး – အီရန် တင်းမာမှုကလဲရှိထားလေတော့ သမ္မတ ဘိုင်ဒင်လဲ ယူကရိမ်းကိစ္စကို အများကြီး အရင်လို စိတ်မဝင်စားနိုင်တော့ပါ။ ထည့်ပေးသလောက် ငွေကုန်ပြီးကာမှ အကျိုးဖြစ်မလာတဲ့ ဇလန်စကီးကို စိတ်ကုန်ကြတာလဲပါမယ်ထင်ပါတယ်။

      အမေရိကန်ရွေးကောက်ပွဲကလဲ ရက်ပိုင်းလောက်သာ လိုပါတော့တယ်။ ထရမ့်အခြေအနေက ဟဲရစ်ထက်ပို ကောင်းမွန်နေပြီး သမ္မတဖြစ်ဖို့ အလားအလာရှိနေတာ တွေ့ရတယ်။ ထရမ့်အရွေးခံရရင် ၂ဝ၂၅ ဇန်နဝါရီမှာ တာဝန်စပြီးပြောင်းလဲထမ်းဆောင်ရမှာပါ။ အဲ့ဒီကာလနဲ့ချိန်ပြီး ရုရှားကလဲ ယူကရိမ်းစစ်ကိုတိုက်နေဟန်ရှိပါတယ်။ ကိယက်ကိုတော့ အင်အားချိနဲ့သွားအောင် ကြိုတင်ချေမှုန်းတာတွေ လုပ်နေပါပြီ။

       ထရမ့်သမ္မတ တာဝန်ထမ်းဆောင်တဲ့အချိန်နဲ့ အချိန်ကိုက်ကိယက်ကိုတိုက်မယ်လို့ မျှော်မှန်းရပါတယ်။ ဘိုင်ဒင့် သမ္မတ သက်တမ်းက ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၅ ဇန်နဝါရီအထိပဲရှိတယ်။ သူ့လက် ထက်မှာ ယူကရိမ်းစစ်ကို ဒီအတိုင်း ထားသွားမလား၊ တစ်ခုခုနှစ်ဖက်ဆွေးနွေးတဲ့အဆင့်ထိ တိုးတက်အောင်လုပ်ပြီး တာဝန်လွှဲသွားမလား၊ ဒီအတိုင်းထားသွားခဲ့ရင်တော့ သူ့သမိုင်းပျက်သွားမှာအမှန်ပါပဲ။ မြင်ရသလောက်ဆိုပြန်ရင်လဲ နှစ်ဖက်စကားပြော ဆွေးနွေးရင်တောင် သဘောတူညီချက်ရဖို့ အဆင့်အထိဖြစ်လာဖို့ မလွယ်တာတွေ့ရပြန်ပါတယ်။

အစ္စရေး-အီရန်စစ်ကဘာလဲ ဘယ်လဲ

       အမေရိကန် ရွေးကောက်ပွဲက ၅-၁၁-၂၄ ပါ။ အဲ့ဒီရွေးကောက်ပွဲမတိုင်မီ အစ္စရေးက အီရန်ကို စစ်တိုက်မယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။ရက်ပိုင်းပဲ လိုပါတော့တယ်။ အီရန်ရဲ့ အားကိုးရတဲ့ဟားမက်တွေကို အစ္စရေးက ချေမှုန်းလိုက်တာအတော်ချိနဲ့သွားခဲ့ပါပြီ။ ၁၇- ၁၀- ၂၄ နေ့က သတင်းအရဆိုရင် Hamas ခေါင်း ဆောင်ထိပ်ဆုံးက သူဖြစ်တဲ့ Yahya Sinwarနဲ့ အကူခေါင်းဆောင် တစ်ဒါဇင်လောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုတယ်။ Sinwar ကိုအစ္စရေးတွေ အမဲလိုက်သလို လိုက်နေတာ တစ်နှစ်ကျော်နေပါပြီ။ မြေအောက်လှိုဏ်ခေါင်းထဲမှာနေပြီး ကေဒါလုံခြုံရေးအထပ်ထပ်နဲ့နေသူ ဖြစ်ပါတယ်။

      ကြည့်ရတာ Hamasအဖွဲ့ ဖွဲ့စည်းပုံပျက်တဲ့အဆင့်လို့ပြောလို့ရမယ်လို့ထင်တယ်။ အီရန်ရဲ့အားအကြီးဆုံးဖြစ်တဲ့ Hezbollah ကိုတော့ အစ္စရေးက ဒီရက်တွေမှာ အသည်းအသန်တိုက်နေတာတွေ့ရတယ်။ အီရန်ကိုထီးထီးဆွဲထုတ်ပြီး ချိနဲ့သွားအောင် တိုက်ခိုက်နိုင်ဖို့အတွက် ဘေးကပစ်ကူပေးမဲ့ဟဇ်ဘိုလာတွေကိုကြို တင်တိုက်နေတာလို့မြင်ပါတယ်။ ဟဇ်ဘိုလာတွေ အတော်လေး အထိနာသလို သူတို့ကလဲ အစ္စရေးအတွင်းပိုင်းအထိကို စုပြုံပစ်ခတ်မှုတွေ ခပ်ပြင်းပြင်းပြန်လုပ်တာကြောင့် အစ္စရေးလဲ ထိသင့်သလောက်ထိနေတာတွေ့ရတယ်။

      ဟဇ်ဘိုလာအုပ်စုက ဟားမက်အုပ်စုထက် လူ၊ လက်နက်အင်အားပို တောင့်တင်းပါတယ်။ အီရန်ကိုတိုက်တဲ့ အချိန်မတိုင်မီ အစ္စရေးအနေနဲ့ ဟဇ်ဘိုလာကို ဟားမက်တွေအဆင့်အထိချိနဲ့ အောင်တိုက်ဖို့ မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။

      ဒီနေရာမှာ အမေရိကန်ရွေးကောက်ပွဲနဲ့ အချိန် ကိုက်ဘာကြောင့် ဟဇ်ဘိုလာတွေကို အစ္စရေးက ပြင်းပြင်းထန်ထန် တိုက်နေရသလဲ၊ အီရန်နဲ့ရောဘာကြောင့် အထွတ်အထိပ်ရောက် အခြေအနေ ဖြစ်စေရသလဲဆိုတာ စဉ်းစားဖို့ ကောင်းလာတယ်လို့ ယူဆမိတယ်။ ယူကရိမ်းစုပေါင်းပြီး တိုက်ခိုက်ဖို့ ကြိုတင်ညှိနှိုင်းတာတွေလဲ ပါဝင်ပါလိမ့်မယ်။

      တူရကီကတော့ လက်တပြင်ပြင် လုပ်နေတာ တွေ့ရတယ်။ Hamas တွေကို အစ္စရေး ပြင်းပြင်း ထန်ထန်တိုက်နေကထဲက မကျေနပ်သံတွေကို အာဒိုဂန် မကြာခဏထုတ်ပြခဲ့တယ်။ အခု လက်ဘနွန်ကို တိုက်ပြန်တော့လဲ အာဒိုဂန် က မကျေနပ်သံကိုခပ်ပြင်းပြင်းထုတ်ပြ ပြန်တယ်။ တူရကီက NATO အဖွဲ့ဝင် ဖြစ်နေပြီး အစ္စလာမ်ကမ္ဘာဘက်ကို ယိမ်းသူဖြစ်တဲ့အတွက်ကြောင့် ကိုင်ရတွယ်ရတာ အတော်ခက်ပါလိမ့်မယ်။ တူရကီ ဟာ အီရန်နဲ့အရေးကိစ္စဖြစ်လာရင် ပူးပေါင်းဖို့အဆင့်သင့်ဖြစ်နေပြီး ပဋိပက္ခအမြင့်ဆုံးကို ရောက်လို့ ရပ်တည် ချက်ကို ပြရတဲ့အခါမှာ အစ္စရေးကို အီရန် ဘက်ကနေ ပူးပေါင်းတိုက်ခိုက်မဲ့နိုင်ငံ ဖြစ်နေတာဟာ အစ္စရေးအတွက် အတော်အကြပ်အတည်းတွေ့ရမဲ့ကိစ္စဖြစ်ပါတယ်။

      တူရကီဟာ အရှေ့အလယ်ပိုင်းဒေသတွေမှာ စစ်အင်အားအကြီးဆုံးဖြစ်ပြီး ကမ္ဘာ့ ၁၄၅ နိုင်ငံအနက် အဆင့် ရှစ်နိုင်ငံကြီးဖြစ်ပြီး ခေတ်မီလက်နက်တွေကို ပိုင်ဆိုင်ထားသူဖြစ်တယ်။ အီရန်က အဆင့် ၁၄ ဖြစ်ပြီး အစ္စရေးက ၁၇ ဖြစ်တယ်။ ကမ္ဘာ့အဆင့် ရှစ်ဖြစ်တဲ့ တူရကီက အီရန်နဲ့ပူးပေါင်းတိုက်ခိုက်လာမယ်ဆိုရင် အစ္စရေးအခြေအနေက အတော်လေးဆိုးဝါးသွားနိုင်ပါတယ်။ အစ္စရေးနောက်မှာ ရပ်ခံနေတဲ့ အမေရိကန် လဲ ယူကရိမ်းမှ နစ်တဲ့နွံထက်ဆိုးတဲ့ နွံထဲကိုရောက်သွားနိုင်တယ်လို့ သုံးသပ်ရပါတယ်။

#PAN