မြန်မာနိုင်ငံသို့ လေကြောင်းနဲ့ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ ၁ နှစ် စမ်းသပ်ခွင့်ပြု


(ပြည်တွင်း) နိုဝင်ဘာ ၁၂

မြန်မာနိုင်ငံသို့ လေကြောင်းဖြင့် လာရောက်မည့် ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်နိုင်ငံရဲ့ မကာအို အထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာ့လှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) (Tourist Visa on Arrival) ကို စမ်းသပ်ကာလ ၁ နှစ်ခွင့်ပြုပေးထားတယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရပါတယ်။

အဆိုပါစမ်းသပ်ခွင့်ပြုပေးမှုကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၁ ရက်စတင်၍ စမ်းသပ်ကာလ ၁ နှစ် ခွင့်ပြုတာ ဖြစ်တယ်လို့ သိရပါတယ်။

ဆိုက်ရောက်ဗီဇာစည်းမျဉ်းများနဲ့ ပတ်သက်လို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာနဲ့ ဝင်ရောက်မယ်ဆိုရင် US$ ၅၀ ပေးဆောင်ရမှာဖြစ်ပြီး ရက်ပေါင်း ၃၀ နေထိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ဗီဇာသက်တမ်းတိုးခွင့်တော့ ရရှိမှာမဟုတ်တာကြောင့် ဟိုတယ်တွေမှာသာ တည်းခိုနေထိုင်ခွင့်ရှိပြီး လုပ်ငန်းလုပ်ကိုင်ခွင့်လည်း ရရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ပြုထားတဲ့ ဗီဇာ ၁၄ မျိုးမှာ သံတမန်/ သံအဖွဲ့ဝင်ဗီဇာ၊ ကမ္ဘာလှည့်ဗီဇာ၊ ဖြတ်သန်း ဗီဇာ၊ စာနယ်ဇင်း/မီဒီယာဗီဇာ၊ အလုပ်ရုံ/ဆွေးနွေးပွဲ/အစည်း အဝေး/သုတေသနဗီဇာ၊ အလုပ်သမားဗီဇာ၊ လုပ်ငန်းဗီဇာ၊ လူမှုရေးဗီဇာ၊ သာသနာရေး ဗီဇာ၊ နိုင်ငံတကာအဖွဲအစည်းများဗီဇာ၊ ပညာရေးဗီဇာ၊ ယာဉ်အမှုထမ်း ဗီဇာ၊ သံတမန်ရဲ့ ဧည့်သည်များဗီဇာ၊ သံတမန်မဟုတ်တဲ့ သံရုံးဝန်ထမ်းများနှင့် ၎င်းတို့ရဲ့ မိသားစုဝင်များအတွက် ပြည်ဝင်ဗီဇာတို့ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းသို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာ ကာလအတွင်းမှာ ၈၂၇,၀၀၀ ဦးကျော် ဝင်ရောက်ခဲ့ပြီး တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ကမ္ဘာလှည့်ဗီဇာ၊ စီးပွားရေး ဗီဇာတို့ဖြင့် အများဆုံးဖြစ်တယ်လို့လည်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN