(မှု့ခင်း) နိုဝင်ဘာ ၂
မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ် ၆၄ ဒီ လမ်း၊ ၁၁၅ x ၁၁၆ လမ်းကြားတွင် ငှားရမ်းနေထိုင်ကာ လူကုန်ကူးမှုဂိုဏ်းဖွဲ့ကျူးလွန်ခဲ့သူများအား ဖမ်းစီးရမိခဲ့ကြောင်း သိရသည်။
အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး) တပ်ဖွဲ့ စုမှူးရဲမှူး ခင်မောင်သိန်း ဦးစီးတပ်ဖွဲ့ဝင်များက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ကျတပ်ဖွဲ့ဝင်များနှင့်အတူ အောက်တိုဘာ ၂၄ ရက် နံနက် ၇ နာရီခွဲတွင် ပြည်ပထွက်ခွာမှုများအား ပူးပေါင်းစစ်ဆေးစဉ် ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်သို့ MAI လေကြောင်းလိုင်းဖြင့်ထွက်ခွာမည့် တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်) နှင့် အမျိုးသမီးငယ်သုံးဦးတို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် တပ်ဖွဲ့စုရုံးသို့ ခေါ်ယူစစ်မေးခဲ့ရာ အဆိုပါအမျိုးသမီးငယ်သုံးဦးမှာ လူမှုကွန်ရက် Facebook, TikTok အသုံးပြုဆက်သွယ်၍ တရုတ်နိုင်ငံသို့ တရုတ်မယားပြုလုပ်ရန် စည်းရုံးစုစည်း ခေါ်ဆောင်ခံရသူများဖြစ်ကြောင်းနှင့် ၎င်းတို့ကဲ့သို့ တရုတ်မယားလုပ်ရန် စည်းရုံးခံထားရသူ အမျိုးသမီးငယ် ၁၁ ဦးကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၄ ဒီ လမ်း၊ ၁၁၅ x ၁၁၆ လမ်းကြားရှိ နေရာတွင် စုစည်းထိန်းချုပ်ထားကြောင်း သတင်းဖော်ထုတ်ရရှိခဲ့သည်။
ဆက်လက်၍ အမျိုးသမီးငယ်သုံးဦး၏ တယ်လီဖုန်းဆက်သွယ်မှုများကိုစိစစ်ခဲ့ရာ ၎င်းတို့ကဲ့သို့ တရုတ်မယားလုပ်ရန် စည်းရုံးခံထားရသူ အမျိုးသမီးငယ် ၁၁ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့ကို စစ်ဆေးချက်များအရ တရုတ်ယောကျ်ားနှင့် လက်ထပ်ရန်အတွက် ဂိုဏ်းဖွဲ့၍ စည်းရုံးဆောင်ရွက်ခဲ့သူ ဒေါ်နန်းဆိုင်ခမ်း (ခ) မားမားအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ ယခင်က ရွှေလီမြို့ရှိ တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီတွင် တရုတ်ယောကျ်ားယူရန် အမျိုးသမီးငယ်များအား ပို့ဆောင်ပေးခဲ့သော်လည်း ခွဲတမ်းနည်း သဖြင့် ၎င်းကိုယ်တိုင် တရုတ်မယားပြုလုပ်မည့် မိန်းကလေးများရှာဖွေရန် wechat group မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းမှ တစ်ဆင့်ခံ လူပွဲစား မမေထက်နိုင်ဦး (ခ) မထက်၊ မောင်ချစ်ထူး၊ မဖြိုးဖြိုးဝေတို့နှင့် ချိတ်ဆက်ဆောင်ရွက်ရန်အတွက် မန္တလေးမြို့၌ အခြေချနေထိုင်ရန် ၈၆ လမ်း၊ ကန်တော်ကြီးပတ်လမ်းအနီးရှိ ၃ ထပ်တိုက် တစ်လုံးနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၄ ဒီ လမ်း၊ ၁၁၅ x ၁၁၆ လမ်းကြား နေအိမ်တို့ကို ငှားရမ်းခဲ့ကာ အမျိုးသမီးငယ်များ စုစည်းထိန်းချုပ်၍ လူကုန်ကူးမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
မြန်မာနိုင်ငံအတွင်း မိန်းကလေးများ စည်းရုံးရှာဖွေရန်အတွက် မမေထက်နိုင်ဦး (မထက်)၊ ချစ်ထူးနှင့် ၎င်း၏ဇနီးဖြစ်သူ မဖြိုးဖြိုးဝေတို့က Online မှ စည်းရုံးရှာဖွေ စုဆောင်းပြီး ငှားရမ်းထားသည့် နေအိမ်သို့ပို့ဆောင်ခြင်း၊ မဇင်သူခိုင်အား စောင့်ကြည့်စေခြင်း၊ ၎င်းအမျိုးသမီးငယ်များအတွက် နိုင်ငံကူးလက်မှတ်နှင့် လက်ထပ်ဗီဇာ ပြုလုပ်ပေးခြင်းတို့ကို ဒေါ်နန်းဆိုင်ခမ်း(ခ)မားမား၏ စီစဉ်ညွှန်ကြားမှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ အမျိုးသမီးငယ်များနှင့် လက်ထပ်မည့် တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်)၊ တရုတ်နိုင်ငံသား LIN JIAN နှင့်အတူ တရုတ်နိုင်ငံမှ မန္တလေးမြို့သို့လာရောက်သည့် ၎င်း၏မိခင် LI MANFEN တို့အား မြန်မာနိုင်ငံသို့ လာရောက်ရန် အတွက် ဒေါ်နန်းဆိုင်ခမ်း(ခ)မားမားမှ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း စိစစ်ဖော်ထုတ် နိုင်ခဲ့သည်။
ဖြစ်စဉ်ဖော်ထုတ်သိရှိချက်အရ အမျိုးသမီးငယ်များမှာ မိမိတို့ဘဝ အလုပ်အကိုင်ရရှိရေးအတွက် လူမှုကွန်ရက် Facebook, TikTok များမှတစ်ဆင့် အလုပ်ရှာဖွေရာမှ တရုတ်မယားပြုလုပ်ရန် စည်းရုံးခံရသူများဖြစ်ကြပြီး ပို့ဆောင်သည့်လမ်းကြောင်းမှာ တရုတ်မယားပြုလုပ်နိုင်ရန်အတွက် ယခင်က နယ်စပ်ဒေသမှတစ်ဆင့် စည်းရုံးခေါ်ယူပို့ ဆောင်နေရာမှ ယခုအခါ ပြည်ပနိုင်ငံတစ်ခုဖြစ်သော ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။
ထို့ကြောင့် မန္တလေးမြို့၌အခြေချ၍ လူကုန်ကူးမှုဂိုဏ်းဖွဲ့ကျူးလွန်ခဲ့သူ ဒေါ်နန်းဆိုင်ခမ်း(ခ)မားမား (ဖမ်းဆီးရမိ)၊ မမေထက်နိုင်ဦး(ခ)မထက် (တိမ်းရှောင်)၊ မဇင်သူခိုင် (တိမ်းရှောင်)၊ ချစ်ထူး(ဖမ်းဆီးရမိ)၊ မဖြိုးဖြိုးဝေ(ဖမ်းဆီးရမိ)၊ တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်)(ဖမ်းဆီးရမိ)၊ တရုတ်နိုင်ငံသား LIN JIAN နှင့် ၎င်း၏မိခင်ဖြစ်သူ LI MANFEN (ဖမ်းဆီးရမိ)တို့ ရှစ်ဦးအား သက်ဆိုင်ရာ ရဲစခန်းများဖြစ်သည့် တံတားဦးမြို့နယ် လေဆိပ်နယ်မြေရဲစခန်း (ပ) ၂၃/၂၀၂၄၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)/၄၄ ဖြင့်လည်းကောင်း၊ တံတားဦးမြို့နယ် လေဆိပ်နယ်မြေရဲစခန်း (ပ) ၂၄/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့်လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ) ၂၆၀/၂၀၂၄၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့်လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ) ၂၆၁/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/ ၄၄ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူ ထားရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews