ရန်ကုန်-မန္တလေး ခရီးသည်တင်ယာဉ်ကြီးများအား Telematics စနစ် ၂၀ ရာခိုင်နှုန်းတပ်ဆင်ထားပြီး


(ပြည်တွင်း) စက်တင်ဘာ ၂၃

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးပြီး ရန်ကုန်-မန္တလေးအမြန်လမ်း၌ သွားလာလျက်ရှိနေတဲ့ ခရီးသည်တင်ယာဉ်ကြီးများကို Telematics စနစ် တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိအချိန်အထိ ၂၀ ရာခိုင်နှုန်း တပ်ဆင်ထားရှိပြီးဖြစ်ကြောင်း ထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် သွားလာနေကြသော ခရီးသည်တင်ယာဉ်ကြီးများနှင့် ခရီးသွားပြည်သူ များအနေနဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက်ရည်ရွယ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့နဲ့ Myanmar Millennium Group Co., Ltd. တိုမှ ပူးပေါင်းပြီး အဆိုပါ Telematics စနစ်တပ်ဆင်မှုကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

Telematics စနစ်တပ်ဆင်ထားရှိသော ခရီးသည်တင်ယာဉ်ကြီးများကို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ သုည မိုင်မှ ၃၆၆ မိုင်အတွင်းသွားလာနေစဉ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် Telematics Command and Control Centre မှ အချိန်ပြည့်စောင့်ကြည့်လျက်ရှိပြီး သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ပါက သက်ဆိုင်ရာယာဉ်မောင်းအား သတိပေးခြင်း၊ ယာဉ်မောင်းအနီးတွင် တပ်ဆင်ထားတဲ့ SOS Button ကိုနှိပ်၍ အရေးပေါ်အကူအညီတောင်းခံလာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခြင်းများကို ၂၄ နာရီ ဝန်ဆောင်မှု ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် Telematics စနစ်တပ်ဆင်ထားသော ခရီးသည်တင်ယာဉ်ကြီးများ နေ့စဉ်သွားလာမှုများကို မှတ်တမ်းတင်ထားရှိကာ ယာဉ်မတော်တဆဖြစ်မှုနှင့် တခြားသောကိစ္စရပ်များအတွက် ယာဉ်ပိုင်ရှင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မော်တော်ယာဉ်မောင်းနှင်သွားလာခဲ့သော လမ်းကြောင်းနှင့် ယာဉ်မောင်းနှင်ခဲ့သည့်ပုံစံအား ပြန်လည်ကြည့်ရှု စစ်ဆေးနိုင်စေရန်လည်း ကူညီဆောင်ရွက်သွားမယ်လို သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN