နေပြည်တော်တွင် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်သဖြင့် ယာဥ်မောင်းဖြစ်သူ သေဆုံး


(ပြည်တွင်း)စက်တင်ဘာ ၂၂

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဗုဒ္ဓဂါယာလမ်း၊ မိုင်တိုင်အမှတ် (၃/၇)၊ သပြေစမ်းကျေးရွာအနီးတွင် ယနေ့ နေ့လည်ပိုင်းက ဆီဘောက်ဆာယာဉ် (၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်းသိရသည်။

ယာဥ်တိမ်းမှောက်သည့်နေရာသို့ ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့​ရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်း ကျား (၁) ဦး (သေဆုံး)နှင့် ယာဉ်နောက်လိုက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် သဗသုခပရဟိတအသင်းမှယာဉ်ဖြင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ထားကြောင်း သိရသည်။

ယင်းလမ်းပိုင်းသည် ကားကြီးများ မောင်းနေကျလမ်းမဟုတ်ကြောင်း၊ရေဘေးကြောင့် ရန်-မန်းလမ်းပိုင်း ပျဉ်းမနား-ကင်းသာ-တပ်ကုန်းကြားကို ရှောင်ကွင်းမောင်းရကြောင်း၊ ပုဗ္ဗသီရိမြို့နယ်မှ တပ်ကုန်းမြို့နယ်မြောက်ဘက် Toll gate ကို ဖြတ်ရကာ လမ်းအကွေ့ကောက်တက်ဆင်းများပြီး ဖြေးဖြေးမောင်းကြစေချင်ကြောင်း ဒေသခံများ၏ သတိပေးပြောကြားချက်အရသိရသည်။

#PAN