အမြဲတမ်း တပ်အင်အားကို ၁ ဒသမ ၅ သန်းအထိ မြှင့်တင်ရန် ရုရှားသမ္မတ ပူတင် ညွှန်ကြား


(နိုင်ငံတကာ) စက်တင်ဘာ ၁၈

ရုရှားစစ်ဘက်၏ အမြဲတမ်းတပ်ဖွဲ့အင်အားကို ၁ ဒသမ ၅ သန်းထိ မြှင့်တင်ရန် ရုရှားသမ္မတ ပူတင်က ကာကွယ်ရေးဝန်ကြီးဌာနကို စက်တင်ဘာလ ၁၆ ရက်တွင် ညွှန်ကြားထားကြောင်း သိရသည်။

ကရင်မလင် နန်းတော်သတင်းဝက်ဘ်ဆိုက်၌ထုတ်ပြထားသည့် သမ္မတပူတင်၏အမိန့်၌ ရုရှားလက်နက်ကိုင်တပ်များ၏အလုံးစုံ အင်အား ၂ ဒသမ ၃၈ သန်းအထိ မြှင့်တင်ရမည်ဖြစ်ပြီး အမြဲတမ်း တပ်ဖွဲ့ဝင်အင်အားကို ၁ ဒသမ ၅ သန်း ထားရှိရန် ညွှန်ကြားထားသည်။

သမ္မတ ပူတင်၏ ညွှန်ကြားချက်အရ အမြဲတမ်းတပ်ဖွဲ့ဝင် အရေအတွက်ကို ၁ ဒသမ ၅သန်းထိ မြှင့်တင်ခဲ့ပါက ရုရှားစစ်အင်အားသည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးမားဆုံးစစ်အင်အား ဖြစ်လာလိမ့်မည် ဖြစ်သည်။

အမြဲတမ်းတပ်ဖွဲ့ဝင် အင်အား နှစ်သန်းစွန်းစွန်းရှိသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ပီအယ်လ်အေ) သည် ကမ္ဘာ့အင်အားအကြီးများဆုံး လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ရပ်တည်လျက်ရှိသည်။

ရုရှား သမ္မတ ပူတင်သည် ယူကရိန်းစစ်ပွဲ စတင်ခဲ့သည့် ၂၀၂၂ ခုနှစ်နောက်ပိုင်း ရုရှားစစ်အင်အားကို တိုးချဲ့ရန် သုံးကြိမ်ထိ ညွှန်ကြားခဲ့ပြီး ဖြစ်သည်။ ယူကရိန်းစစ်မြေပြင်၌ ရုရှားတပ်များ အရေးသာလာချိန်တွင် ရုရှားတပ်များ၏ အမြဲတမ်း တပ်အင်အားကို ၁ ဒသမ ၅ သန်းထိ မြှင့်တင်ရန် သမ္မတပူတင်က ညွှန်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN