အလုပ်သမားလွှဲပို့ငွေစာရင်း မပြနိုင်တဲ့ အေဂျင်စီ ၁၄၆ ခုကို အရေးယူ


(ပြည်တွင်း) စက်တင်ဘာ ၇

ပြည်ပရောက်အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေအထောက်အထား တင်ပြနိုင်ခြင်းမရှိတဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ၁၅၀ နီးပါးကို အရေးယူထား တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို အလုပ်သမားစေလွှတ်ခဲ့တဲ့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို စစ်ဆေးခဲ့ရာ မိသားစုလွှဲပို့ငွေစာရင်း စစ်ဆေးခံဖို့ ပျက်ကွက်တဲ့ အေဂျင်စီ ၈ ခု၊ အထောက်အထားတင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီ ၇၁ ခုနဲ့ သတ်မှတ်ရာခိုင်နှုန်း ပြည့်မီစွာ အထောက်အထား မတင်ပြနိုင်တဲ့ အေဂျင်စီ ၆၇ ခု စုစုပေါင်း အေဂျင်စီ ၁၄၆ ခုကို အရေးယူတာတွေ ဆောင်ရွက် ထားတာဖြစ်ပါတယ်။

ပြည်ပရောက်အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေအထောက်အထားများ တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီ တွေကို ပြည်ပသို့ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ် တွေ ဆိုင်းငံ့တာ၊ အလုပ်ခေါ်စာအသစ်တင်ခွင့် ဆိုင်းငံ့တာတွေနဲ့ ဒဏ်ကြေးငွေပေးဆောင်ခိုင်းတာ စတဲ့အရေးယူမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အရေးယူခံရတဲ့ အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေစာရင်း အထောက်အထား တင်ပြနိုင်မှု ရာခိုင်နှုန်းပြည့်မီရင် စေလွှတ်ရေးလုပ်ငန်းစဉ်နဲ့ အလုပ်ခေါ်စာ အသစ်တင်ပြခွင့်ကို ဆက်လက်ခွင့်ပြု ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်ပရောက် မြန်မာအလုပ်သမားတွေ အနေနဲ့လည်း မိမိတိုရဲ့ လုပ်ခလစာတွေကို လွှဲပြောင်းပေးပိုဖို့ ပျက်ကွက်ရင် ပြည်ပကို အလုပ်နဲ့ ထွက်ခွာမှုကာလ အကန့်အသတ်နဲ့ ပိတ်ပင်တာ၊ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်(OWIC) ထုတ်ပေးမှုမပြုခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခွင့် မပြု ခြင်းစတာတွေအပြင် လိုအပ်သလို စိစစ်အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN