“မြန်မာကုမ္ပဏီ ၁,၆၀၈ ခုမှာ တရုတ်နိုင်ငံ၏ GACC မှတ်ပုံတင်လက်မှတ်ရရှိပြီးဖြစ်”

(စီးပွားရေး) စက်တင်ဘာ ၆

စက်တင်ဘာလ ၂ ရက်အထိ တရုတ်အကောက်ခွန်၊ အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)မှ လက်မှတ်ရရှိတဲ့ မြန်မာကုမ္ပဏီပေါင်း ၁,၆ဝ၈ ခုရှိပြီဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါလက်မှတ်ဟာ ပြည်တွင်းမှ တရုတ်နိုင်ငံသို့ စားသောက် ကုန်နှင့်သီးနှံများတင်ပို့ရာမှာ လိုအပ်တဲ့ လက်မှတ်တစ်ခုဖြစ်ပါတယ်။

 GACC မှာ မှတ်ပုံတင်ရမယ့် အမျိုးအစား ၁၈ ခုရှိပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်လျှောက်ထားမှတ်ပုံတင် ကြရာ ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်ထိ ၂ နှစ်တာကာလအတွင်း ၁,၆၀၀ ကျော် လက်မှတ်ရရှိခဲ့ပါတယ်။

လက်ရှိအချိန်အထိ GACC မှတ်ပုံတင်ရရှိပြီးဖြစ်တဲ့ စာရင်းများအရ စိုက်ပျိုးရေးဦးစီးဌာနမှ ကုမ္ပဏီ ၁,၄၄၇ ခု၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီများနှင့်စက်ရုံ ၁၃၈ ခု၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ ၁၄ ခု၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကုမ္ပဏီ ၉ ခုတို့ဖြစ်ပြီး ကုမ္ပဏီများမှ စုစုပေါင်း လျှောက်ထားမှု ၃,၂၅၃ ခု ရှိကြောင်း သိရပါတယ်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအတွင်းသို့ တင်သွင်းလာသော စားသောက်ကုန်နှင့်သီးနှံများကို ဘေးကင်းလုံခြုံ စေရန်အတွက် စစ်ဆေးပြီးမှ GACC လက်မှတ်ထုတ်ပေးကာ အဆိုပါလက်မှတ်ရရှိတဲ့ ပို့ကုန်အမယ်များကိုသာ တရားဝင်တင်ပို့ခွင့်ရရှိကြောင်း သိရပါတယ်။

အောင်မောင်း(ရာမညမြေ)