“နိုင်ငံခြားဝင်ငွေရရှိနေသည့် မြန်မာ့ငါးရှဉ့်မျိုးဆက် ပြတ်လပ်မှုမရှိစေရန် မွေးမြူနိုင်မည့်နည်းလမ်းများအား သုတေ သန ပြု”

(စီးပွားရေး) သြဂုတ် ၃၀

သဘာဝရေပြင်များမှထွက်ရှိသည့် ငါးရှဉ့်များ မျိုးဆက်ပြတ်လပ်မှုမရှိစေရန် ကန်စနစ်မွေးမြူမှုထက် သဘာဝ တွင် မွေးမြူပါက ပိုမိုရှင်သန်ပွားများနိုင်မည့် သုတေသနစမ်းသပ်မှုကို တွေ့ရှိထားပြီး အောင်မြင်သော မွေးမြူမှုရလဒ် ကောင်းများ ရရှိနိုင်ရန် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တွင် သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရှိနေကြောင်းသိရပါတယ်။

မိုးရာသီတွင် ငါးရှဉ့်များသားပေါက်၍ အများဆုံးထုတ်လုပ်တင်ပို့လေ့ရှိပြီး သဘာဝမှ ဖမ်းဆီးရမိသောငါးရှဉ့် များကို အရွယ်အစားခွဲခြားမှုမရှိဘဲ ရောင်းချမှုကြောင့် ငါးရှဉ့်မျိုးဆက် ပြတ်လပ်မှုကို ကြိုတင်ကာကွယ်နိုင်ရန် ဖမ်းဆီး ရောင်းချသူများအား ဒိုင်များကအသိပညာပေးခြင်း၊ သဘာဝအတိုင်းဖမ်းဆီးရာတွင် ငါးရှဉ့်သားပေါက်များကို ပြန်လည် လွှတ်ပေးခြင်း၊ ကန်လှောင်မွေးမြူမှုထက် သဘာဝတွင်မွေးမြူသောစနစ်ကို တွင်ကျယ်စွာလုပ်ဆောင်ခြင်း၊ ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန် နည်းပညာဖြန့်ဝေပေးခြင်းတို့ကို ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အနာဂတ်တွင် ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး လယ်ငါးရှဉ့်သားဖောက်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုး လာစေရန်အတွက် ပညာရှင်များနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရန် တောင်သူနည်းပညာဆွေးနွေးပွဲများကို ကျင်းပပေးလျက်ရှိပါတယ်။

ဒါ့အပြင် လယ်ငါးရှဉ့်များကို မျိုးစိတ်ခွဲခြားခြင်း၊ မျိုးငါးရှဉ့်ရွေးချယ်ခြင်း၊ ဆေးထိုးသားဖောက်ပြုလုပ်ခြင်း၊ မွေးမြူနိုင်ရန် ပြင်ဆင်ဆောင်ရွက်ခြင်း၊ ငါးရှဉ့်သားပေါက်စုဆောင်းခြင်းနှင့် ထိန်းသိမ်းခြင်း၊ မတူညီသော ဟော်မုန်း ဆေးများဖြင့် ဆေးထိုးသားဖောက်ကာ ဥချသားပေါက်မှုအပေါ် အကျိုးသက်ရောက်မှုကိုလေ့လာခြင်း၊ လယ်ငါးရှဉ့် မျိုးစိတ်များ မျိုးပွားမှုဆိုင်ရာ ဇီဝဗေဒကို အခြေခံပြီး သားပေါက်ရာသီ၊ မြေဆီလွှာနှင့် မျိုးပွားမှုတို့ကို ပညာရှင်များ၊ သုတေသီများနှင့် ဆွေးနွေးအကြံပြုခြင်းနှင့်အတူ နိုင်ငံတော်ကချမှတ်ထားသည့် မွေးမြူရေး ရေလုပ်ငန်း သုတေသန ဆိုင်ရာ မူဝါဒများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးရှဉ့်ပါးမွဲကို ကမ္ဘာ့နိုင်ငံ ၁၈ နိုင်ငံသို့ နှစ်စဉ်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိလျက်ရှိပြီး ယမန်နှစ်က မြန်မာနိုင်ငံမှ ပြည်ပသို့ မြန်မာ့ငါးရှဉ့်တန်ချိန် ၁၃,၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး ပြည်ပဝယ်လိုအားနှင့်အညီ တင်ပို့နိုင်ရန် အသင့်ရှိနေသည့်အတွက် ရေသယံဇာတကြွယ်ဝသော မြန်မာနိုင်ငံအနေဖြင့် ရေထွက်ကုန်များ အနာဂတ် ကာလတွင် တိုးမြှင့်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

ရေရှည်တွင် မြန်မာ့ငါးရှဉ့် မျိုးဆက်ပြတ် လပ်မှုမရှိစေရန် နိုင်ငံတော်နှင့် ပုဂ္ဂလိကအသင်းအဖွဲ့များ လက်တွဲကာ ဆောင်ရွက်လျက်ရှိပြီး ကန်လှောင်မွေးမြူမှု ထက် သဘာဝမူရင်းဒေသတို့တွင် မွေးမြူပါက ပိုမိုရှင်သန်ထုတ်လုပ်နိုင်မှုကို မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သုတေ သနပြုတွေ့ရှိထားကြောင်း သိရပါတယ်။

.#PAN