ပီနံအိတ်စက်ရုံ မန်နေဂျာအား ပန်းရံသမားမှ သေနတ်ဖြင့် ပစ်ခတ်

(ပြည်တွင်း) ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး ၊ တံတားဦးမြို့နယ်၊ မြင်းသည်ကျေးရွာအနီးရှိ ပီနံအိတ်စက်ရုံမှ မန်နေဂျာဖြစ်သူအား စက်ရုံအတွင်း၌ ပန်းရံလုပ်ကိုင်နေသည့် ပန်းရံသမားမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း သိရသည်။

ညောင်ကုန်းကျေးရွာနေ မင်းမျိုးနိုင်(ခ)ကိုမျိုး၊၃၉နှစ်၊(ဘ)ဦးအေးကို၊ ပီနံအိတ်စက်ရုံ မန်နေဂျာသည် ယမန်နေ့ ညနေ ၆နာရီအချိန်ခန့်တွင် တံတားဦးမြို့နယ်၊ မြင်းသည်ကျေးရွာအနီးရှိ ပီနံအိတ်စက်ရုံမှ ညောင်ကုန်းကျေးရွာရှိနေသို့ အပြန် မြင်းသည်- ညောင်ကုန်းကျေးရွာသွား မြေသားလမ်းမပေါ်အရောက်တွင် ၎င်းပီနံအိတ်စက်ရုံအတွင်း ပန်းရံလုပ် ကိုင်နေသူ ဝင့်မင်း၊ အောက်ရိုးကျေးရွာ၊ မြို့သာမြို့၊ငါန်းဇွန်မြို့နယ်နေသူမှ ဆိုင်ကယ်ဖြင့် လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ခံရမှုကြောင့် မင်းမျိုးနိုင်(ခ)ကိုမျိုးတွင် ယာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာဘက်နောက်ကျော ကျည်ဖောက်ထွက် ဒဏ်ရာ ၁ချက်တို့ ရရှိခဲ့သဖြင့် တံတားဦးပြည်သူ့ဆေးရုံမှတဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း၊သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားခံ ဝင့်မင်းအား ဖမ်းဆီးရမိရေး ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

#PAN #ZN