ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ် ညောင်ပင်သာနှင့်ဖြူးဘူတာကြား မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးကင်းလှည့် သံလမ်းပြေးယာဉ် (RGC- 89) လမ်းချော်ကျမှု ဖြစ်ပွားပြီး လူစီးရထားနှင့်ကုန်ရထားများကြန့်ကြာမှုဖြစ်

(ပြည်တွင်း)ဩဂုတ် ၁၅

     ယနေ့နံနက် ၁ နာရီခန့်တွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ်၊ ညောင်ပင် သာဘူတာမှ လုံခြုံရေးကင်းလှည့်ထွက်ခွာလာသည့် သံလမ်းပြေးယာဉ် (RGC-89) သည် နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ညောင်ပင်သာနှင့် ဖြူးဘူတာအကြားအဆန်လမ်း မိုင်တိုင်အမှတ် (၁၃၂) ကြေးနန်းတိုင်အမှတ် ၅ နှင့် ၆ အကြား၌ ဖြတ် သန်းစဉ် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က Remote မိုင်းဖြင့် ဖောက်ခွဲခဲ့သဖြင့် သံလမ်းပြေးယာဉ် (RGC-89)  လမ်းချော်ကျမှုဖြစ်ပွားခဲ့ရခြင်းကြောင့် လူစီးရထားနှင့် ကုန်ရထားများ ကြန့်ကြာမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

      မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံ ရေး တပ်ဖွဲ့ဝင်တို့က အချိန်နှင့်တပြေးညီရောက်ရှိပြီး နယ်မြေရှင်း လင်းစစ်ဆေးခြင်း၊ မြန်မာ့ မီးရထား ဝန်ထမ်းများကလည်း လမ်းချော်ကျသော သံလမ်းပြေးယာဉ်အား မတင်၍ လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရထားလမ်း ပြန်လည်ပြုပြင်ခြင်း တို့ကို ဆောင် ရွက်ခဲ့သည်။

     မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အဆန်ရထားလမ်း ၏ အရှေ့ဘက်သံလမ်းနှင့် ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းဆောင်ရွက်နေသော ရထားပြေးဆွဲမှု မရှိသေးသည့် အစုန်ရထားလမ်း၏ အနောက်ဘက် သံလမ်းများ ၃ပေခန့်စီ ပြတ်ထွက်၊ ကွန်ကရစ်ဇလီဖား ၁၅ တုံးနှင့် သံလမ်းပြေးယာဉ်၏ ဘာဖာရှပ်တန်းကျိုးသည့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။

      အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရန်ကုန်မြို့မှ ထွက်ခွာလာသည့် အမှတ်(၁)အဆန် ရန်ကုန် – မန္တလေး စာပို့ရထားသည် နံနက် ၈ နာရီ ၃၅ မိနစ်တွင် လည်းကောင်း၊ အမှတ်(၁၁) အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် နံနက် ၉ နာရီ ၄၃ မိနစ်တွင်လည်းကောင်း ညောင်လေးပင် ဘူတာသို့ အသီးသီး ရောက်ရှိရပ်တန့်စောင့်ဆိုင်းခဲ့ရပြီး၊ အမှတ်(၁၁)အဆန် လူစီးအမြန်ရထားသည် နေ့လည် ၁၁ နာရီ ၄၅ မိနစ်နှင့် အမှတ်(၁)အဆန် စာပို့ရထားသည် နေ့လည် ၁၂ နာရီ ၇ မိနစ်တွင် ညောင်လေးပင်ဘူတာမှ အသီးသီး ပြန်လည်ထွက်ခွာ နိုင်ခဲ့သဖြင့် အမှတ်(၁၁)အဆန် အမြန်ရထားသည် ၂ နာရီ ၂ မိနစ်နှင့် အမှတ်(၁) အဆန်စာပို့ရထားသည် ၃ နာရီ ၃၂ မိနစ် အသီးသီး ကြန့်ကြာမှု ဖြစ်ပေါ်ခဲ့ ရသည်။

      ထို့အတူ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်းပြေးဆွဲနေသည့် အမှတ်(၉၀၃) အဆန် ကုန်ရထားသည် ပြွန်တန်ဆာဘူတာ၌ နံနက် ၇ နာရီ ၅ မိနစ်မှစ၍ စောင့်ဆိုင်းခဲ့ရသည်။  လမ်းပိုင်း ပြန် လည် ပြုပြင်ခြင်းလုပ်ငန်းများအား ယနေ့ နေ့လည် ၁ နာရီခွဲ၌ ဆောင် ရွက်ပြီးစီး၍ ဖြူး-ညောင်လေးပင် ရထားလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ရထားများပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲလျက် ရှိကြောင်း သတင်းရရှိသည်။

     အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခု အချိန် အထိ မြန်မာ့မီးရထားလမ်းကွန်ရက် တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၇၉) ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း (၁၇၁) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၆)ကြိမ် ကျူးလွန်ခဲ့ကြသည်။

     အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် နိုင်ငံ တော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထား လမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွား ပြည်သူများအနေဖြင့် ရထားဖြင့် ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံး ချမ်းမြေ့ပြီး အသက်အန္တရာယ် ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးနှင့် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့် တင်ရေးစီမံကိန်း နှောင့် နှေးကြန့်ကြာ စေရန်အတွက် ရည်ရွယ်ပြီး ယခု ကဲ့သို့ အကြိမ်ကြိမ် ကျူးလွန် ဖျက်ဆီးနေကြခြင်း ဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည် ပို့ ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံ အဆောက်အဦများ ပိုမိုတိုးတက် ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ် တစိုက်အလေးထား စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

#PAN