“မြန်မာနိုင်ငံသားများအား နိုင်ငံကူးလက်မှတ်နှင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စနှင့် ပတ်သက်၍ လိမ်လည်နေသူများကို ဥပဒေနှင့်အညီ အရေးယူသွားမည်”

(နိုင်ငံတကာ) ဩဂုတ် ၁၄

မြန်မာနိုင်ငံသားများအား နိုင်ငံကူးလက်မှတ်နှင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စနှင့်ပတ်သက်ပြီး လိမ်လည် အမြတ်ထုတ်နေသူများကို ဥပဒေနှင့်အညီ အရေးယူသွားမယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ၊ မြန်မာသံရုံးမှ  ဩဂုတ်လ ၁၂ ရက်တွင် အသိပေးထုတ်ပြန်ထားကြောင်း သိရပါတယ်။

မြန်မာသံရုံးမှ ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များနှင့်ပတ်သက်သည့် အသိပေးစာများ၊ နိုင်ငံကူးလက်မှတ် အသစ်/ပျောက်ဆုံး၊ လျှောက်ထားသူများ ခွင့်ပြုချက်စာရင်းနှင့် C of I ကိစ္စရပ်များကို မြန်မာနိုင်ငံသားများ သိရှိစေရန် အတွက် အဆိုပါသံရုံး၏ Facebook နှင့် Website စာမျက်နှာများတွင် ဖော်ပြပေးထားပါတယ်။

မြန်မာနိုင်ငံသားများကို လိမ်လည်အမြတ်ထုတ်လိုသူများက Facebook/ TikTok များတွင် နိုင်ငံကူးလက်မှတ် ကိစ္စရပ်များနှင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များ ဆောင်ရွက်ရာတွင် အထောက်အထားများအဖြစ် တင်ပြရတဲ့ စာရွက်စာတမ်းများဖြစ်သော မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ထောက်ခံစာအစရှိသည်တို့ကို မမှန်မကန်ပြုလုပ် ပေးတဲ့ ရေးသား/ပြောကြားချက်များကို ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။

မြန်မာနိုင်ငံသားများ ဆောင်ရွက်လိုသည့် ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များကို သတ်မှတ်ထားတဲ့ စာရွက် စာတမ်းများနှင့်အတူ မှန်ကန်စွာဆောင်ရွက်ကြပါရန်နှင့် မမှန်ကန်သည့် စာရွက်စာတမ်းများဖြင့် ပြုလုပ်တင်ပြခြင်း သည် ဥပဒေနှင့်ငြိစွန်းမှုရှိနေသည့်အပြင် လက်ခံဆောင်ရွက်ပေးနိုင်မှု မရှိခြင်းတို့ကြောင့် ထိုကဲ့သို့တင်ပြခြင်း ပြုလုပ် ပါက နိုင်ငံသားများ အလုပ်ပျက်၊ အချိန်နှင့် ငွေကုန် နစ်နာမှုများရှိနိုင်သဖြင့် မိမိ၏စာရွက်စာတမ်း အခက်အခဲနှင့် ပတ်သက်ပြီး မြန်မာသံရုံးရှိ သက်ဆိုင်ရာကောင်တာများတွင် တင်ပြအကြံပြုချက်များကိုတောင်းခံကာ ဆောင်ရွက် နိုင်ပါကြောင်း မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံသားများအား လိမ်လည်လှည့်ဖျားနေသည့် ပုဂ္ဂိုလ်များ၊ Facebook နှင့် Tik Tok အကောင့်ပိုင်ရှင်များကို ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံအတွင်း ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် ယခု ကာလအတွင်း အသွားအလာများ ဂရုပြုကြပါရန်နှင့် မဖြစ်မနေခရီးသွားလာရန်ရှိပါက နိုင်ငံကူးလက်မှတ်နှင့် လိုအပ်တဲ့ စာရွက်စာတမ်းများကိုလည်း အော်ပရာစီစစ်ဆေးမှုများရှိသည့်အခါတွင် တင်ပြနိုင်ရန်အတွက် ကိုယ်နှင့် မကွာ ဆောင်ထားကြပါရန် မြန်မာသံရုံးက အသိပေးထားပါတယ်။

#PAN