တောင်တရုတ်ပင်လယ်ဒေသ၌ ဂျပန်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်

သြဂုတ် ၃

      ဂျပန်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၎င်းတို့ ၏ ပထမဆုံးသော တောင်တရုတ်ပင်လယ်ဒေသ စစ်ရေး လေ့ကျင့်မှုကို ဩဂုတ်လ ၂ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်ဘက်က သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

  အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖိလစ်ပိုင်နိုင်ငံ၏ တောင်တရုတ်ပင်လယ်ဒေသ အထူးစီးပွား ရေး ရေပြင်ဇုန် အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။တောင်တရုတ်ပင်လယ်ဒေသ၌ တရုတ်နိုင်ငံ၏ လုပ်ရပ်များ ပိုမိုရဲတင်းလာချိန်တွင် ဖိလစ်ပိုင်နိုင်ငံနှင့် ဂျပန် နိုင်ငံတို့က တောင်တရုတ်ပင်လယ်ရေပြင်အတွင်း ၎င်းတို့၏ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ် ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် ၎င်းတို့၏ တောင်တရုတ်ပင်လယ် အထူးစီးပွားရေးဇုန်အတွင်း အမေရိကန် နိုင်ငံနှင့်လည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

      ဂျပန်နိုင်ငံသည် အရှေ့တရုတ်ပင်လယ်ဒေသ၌ တရုတ်နိုင်ငံနှင့် နယ်မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုများ ဖြစ်ပွား လျက်ရှိသည်။  တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ဒေသ တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ခွင့်တောင်းဆိုထားချိန်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ စသည့် ဒေသတွင်းနိုင်ငံများကလည်း တောင်တရုတ်ပင်လယ်ဒေသ တစ်စိတ်တစ်ပိုင်းကို ပိုင် ဆိုင်ခွင့်အတွက် အပြိုင်တောင်းဆိုထားကြောင်းသိရသည်။

#PAN