ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် ၆၀၃ ကီလို ဖမ်းဆီးရမိ

(မှုခင်း) ဇူလိုင် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀၃ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဇူလိုင်လ ၈ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ကျိုင်းတုံမြို့နယ် မိုင်းပျဉ်း-ကျိုင်းတုံသွား ကားလမ်း၊ ကျိုင်းဖောင်းရွာအနီးတွင် မိုင်းပျဉ်းဘက်မှ ကျိုင်းတုံဘက်သို့ စိုင်းလင်းဦး မောင်းနှင်လာသည့် NISSAN ၁၂ ဘီးယာဉ်ပေါ်က ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စောင့်ဆိုင်း၍ တားဆီးစစ်ဆေးစဉ် ယာဉ်ပေါ်တွင် ပြောင်းအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၈၂၄ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀၃ ကီလို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို မိုင်းပျဉ်းမြို့မှ တာချီလိတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းလည်း သိရသည်။

#PAN