ဘိုင်ဒန် သည် ရွေးကောက်ပွဲ အတွက် ပြန်လည်ယှဥ်ပြိုင်ရာတွင် အလှူရှင်များ၏ဖိအားကို ရင်ဆိုင်နေရ

(နိုင်ငံတကာ) ဇူလိုင် ၆

သမ္မတ ဂျိုးဘိုင်ဒန်သည် သမ္မတ ရွေးကောက်ပွဲအတွက် ပြင်းထန်သော အခြေအနေများနှင့် ရင်ဆိုင်နေရချိန်တွင် ဒီမိုကရက်တစ် အလှူရှင်အချို့၏ ဖိအားများနှင့် ပါ ထပ်မံ၍ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့် သီတင်းပတ်က စကားစစ်ထိုးပွဲ အပြီးတွင် ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် မှ မစ္စတာဘိုင်ဒန်ကို ရုပ်သိမ်းခြင်း မပြုလုပ်ပါက အလှူရှင်အများအပြားက ရန်ပုံငွေများကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း လူသိရှင်ကြား သတိပေးထားသည်။

၎င်းတို့တွင် ဒစ္စနေးမိသားစု၏ အမွေဆက်ခံသူ Abigail Disney၊ ဟောလိဝုဒ် ထုတ်လုပ်သူ Damon Lindelof၊ ဟောလိဝုဒ် အေးဂျင့် Ari Emanuel နှင့် ပရဟိတ သမားနှင့် လုပ်ငန်းရှင် Gideon Stein တို့ ပါဝင်ပါသည်။

ဂျိုးဘိုင်ဒန်ကတော့ ယခုအပတ်အတွင်း နှင့် သောကြာနေ့တွင် ရှားရှားပါးပါး တီဗီအင်တာဗျူးတစ်ခုနှင့် Wisconsin တွင် လူထုစုဝေးပွဲတစ်ခုတို့ကိုပြုလုပ်ခဲ့ပြီး ၎င်းအနေဖြင့်သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ရန် အထူးကြိုးပမ်းနေပါသည်။

စကားပြောနေချိန်တွင် ရုတ်တရက် ရပ်သွားခြင်း၊ အတွေးလွန်ခြင်း၊ စကားများကို နားမလည်တော့ခြင်း စသည့်အရာများကြောင့် အခြေအတင် စကားစစ်ထိုးပွဲအပြီး အသက် ၈၁ နှစ်အရွယ် မစ္စတာ Biden ကို ရာထူးမှ နုတ်ထွက်ရန် ဖိအားများ မြင့်တက်လာခဲ့ပါသည်။

ဘိုင်ဒင်မှ ထိုညတွင် “လွန်လွန်ကဲကဲမှားခဲ့သည်” ဟု ဝန်ခံခဲ့သော်လည်း၊ နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲ တွင် ဒေါ်နယ်ထရန့်ပ် နှင့်ပြိုင်ဆိုင်ရာ၌ ၎င်းအနေဖြင့် ပါတီ၏ စံပြပုဂ္ဂိုလ်အဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု ကတိပြုခဲ့သည်။

“ကျွန်တော် နှုတ်ထွက် မသွားပါဘူး” ဟု အမေရိကန်တွင် ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အိမ်ဖြူတော်၌ ကြာသပတေးနေ့က ပြုလုပ်သော စုဝေးပွဲတွင် ပြောကြားခဲ့သည်။ မစ္စဒစ္စနေးက အမေရိကန်စီးပွားရေးသတင်းချန်နယ် CNBC အား နိုဝင်ဘာလတွင် ဒေါ်နယ်ထရမ့်အား မစ္စတာဘိုင်ဒင်မှ အနိုင်ရနိုင်မည်ဟု မယုံကြည်​နိုင်ကြောင်း ပြောကြားခဲ့သည်။

သူမ၏ ရည်ရွယ်ချက်မှာ “လက်တွေ့ကျကျ ပြောခြင်းဖြစ်ပြီး အရိုအသေမဲ့ခြင်းမဟုတ်” ဟုလည်း ပြောခဲ့သည်။

“ဘိုင်ဒန်ဟာ လူကောင်းတစ်ယောက်ဖြစ်ပြီး သူ့နိုင်ငံကို လေးစားစရာကောင်း လောက်အောင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊ ဒါပေမယ့် ဆုံးရှုံးမှုတွေက အရမ်းများနေ ပါတယ်” ဟု နှစ်ပေါင်းများစွာ ဒီမိုကရက်များနှင့် ဒီမိုကရက်တစ်အင်အားစုများကို ပံ့ပိုးပေးခဲ့သည့် မစ္စ Disney က ပြောကြားခဲ့သည်။

“ဘိုင်ဒင်က ရာထူးက မဆင်းရင် ဒီမိုကရက်တွေ ရှုံးလိမ့်မယ်။ အဲဒီအတွက်ကို ကျွန်မ လုံးဝသေချာပါတယ်။ ဒီဆုံးရှုံးမှုရဲ့ အကျိုးဆက်က တကယ်ကို ဆိုးရွားလိမ့်မယ်။”ဆိုတဲ့သူမ၏သတိပေးချက်နှင့်အတူ သူမသည် အခြားချမ်းသာကြွယ်ဝသော အလှူရှင်များနှင့် ပူးပေါင်းခဲ့သည်။

မစ္စတာစတိန်းအနေဖြင့် ဂျိုးဘိုင်ဒန်သာ ရွေးကောက်ပွဲမှာဆက်ပြိုင်ပါက ၎င်း၏မိသားစုသည်လည်း သမ္မတရွေးကောက်ပွဲတွင် ပါဝင်လှုပ်ရှားနေသော နိုင်ငံရေးအဖွဲ့အစည်းများထံ ပေးမည့် ဒေါ်လာ ၃.၅ သန်း (ပေါင် ၂.၈ သန်း) ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း New York Times သို့ ပြောကြားခဲ့သည်။

ဒီမိုကရက်များ အတွက် ဒေါ်လာ 100,000 ကျော် လှူဒါန်းခဲ့သော Mr Lindelof ကလည်း “DEMbargo” ဟု အမည်ပေးထားသော အခြားအလှူရှင်များအား ၎င်းတို့၏ ရန်ပုံငွေများကို သိမ်းဆည်းရန် တိုက်တွန်းထားသော လူအများသိ စာတစ်စောင် ရေးသားခဲ့သည်။ “သူတို့တွေမင်းတို့ကိုပိုက်ဆံတောင်းလာခဲ့ရင် တစ်ပြားမှမပေးပဲ လက်မှတ်ရဲ့အဓိကခေါင်းဆောင်ပြောင်းလဲမှသာ ငါတို့လဲစိတ်ပြောင်းမယ်” ဟု ပြန်ပြောကြစေရန် Mr Lindelof က ရေးသားခဲ့သည်။

ဘားရက်အိုဘားမား ၏ အရာရှိ အကြီးအကဲဟောင်း ရမ် အီမြူရယ် ၏အစ်ကိုဖြစ်သူ မစ္စတာအီမြူရယ် က ရန်ပုံငွေ ဖြတ်တောက်ခြင်းသည် မစ္စတာဘိုင်ဒင်ကို ပြိုင်ပွဲမှ နှုတ်ထွက်ရန် အဓိက သော့ချက်ဖြစ်ကြောင်း ကော်လိုရာဒိုတွင် ပြုလုပ်သော ကွန်ဖရင့်တွင် ပြောကြားခဲ့သည်ဟု Financial Times သတင်းတွင် ကြာသပတေးနေ့က ဖော်ပြထားသည်။

“မဲဆွယ်ပွဲအတွက် အသက်သွေးကြောက ငွေဖြစ်ပြီး တစ်ခုတည်းသောနည်းလမ်းလည်း ဖြစ်နိုင်ပါတယ်။ ငွေတွေ ခမ်းခြောက်လာရင်ဘာဖြစ်မလဲ” ဟု ၎င်းက သတင်းစာတွင် ဖော်ပြထားသည်။ “ငွေဝင်လာရင် နောက်နှစ်ပတ်လောက်မှာ အပြောင်းအလဲ တွေ့ရလိမ့်မယ်။အလှူရှင်ကြီးတွေနဲ့ စကားပြောခဲ့ပြီး သူတို့ငွေတွေအားလုံးကို ကွန်ဂရက်နဲ့ အထက်လွှတ်တော်ဆီ လွှဲပေးနေပါတယ်။” ဟုလည်းပြောခဲ့သည်။

အခြားသော အဓိကအလှူရှင်အချို့သည် ရန်ပုံငွေဖြတ်တောက်မည်ဟု ခြိမ်းခြောက်ခြင်း မရှိသော်လည်း သမ္မတကို ရုပ်သိမ်းရန် လူထုမှဖိအားပေးလျက်ရှိသည်။ Netflix ၏ပူးတွဲတည်ထောင်သူနှင့် ဒီမိုကရက်တစ်ပါတီအတွက် အကြီးမားဆုံးအလှူရှင်တစ်ဦး ဖြစ်သည့် Reed Hastings က မစ္စတာဘိုင်ဒင်အနေဖြင့် “တက်ကြွသည့်ဒီမိုကရက်တစ် ခေါင်းဆောင်တစ်ဦးအား နေရာဖယ်ပေးပြီး ဒေါ်နယ်ထရန့်ကိုအနိုင်ယူစေမှသာ ကျွန်တော်တို့အကုန် လုံခြုံကြွယ်ဝမယ်” ဟု အမေရိကန်မီဒီယာသို့ ပြောကြားခဲ့သည်။

အခြားသူများက မစ္စတာဘိုင်ဒင် ထွက်ခွာသွားပါက ဖရိုဖရဲ ပြိုင်ဆိုင်မှုကြီး ဖြစ်လာနိုင်ခြေကို စိုးရိမ်ကြောင်း ဖော်ပြကြသည်။ မက်ဆာချူးဆက်အခြေစိုက် အိန္ဒိယ-အမေရိကန် စက်မှုလုပ်ငန်းရှင် Ramesh Kapur သည် ၁၉၈၈ ခုနှစ်ကတည်းက ဒီမိုကရက်များအတွက် ရန်ပုံငွေပွဲများကို စီစဉ်ပေးခဲ့သည်။ ဘီဘီစီ သို့ မစ္စတာ Kapurမှ “ဘိုင်ဒန့်မှာ စိတ်ခွန်အားရှိတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် အိုမင်းလာမှု သဘာဝကို တော့မတိုက်ခိုက်နိုင်ဘူး” ထပ်မံပြီး “သူ့အကြောင်း ငါသိတယ်၊ တိုင်းပြည်အတွက် ကောင်းတဲ့အရာကို ဆုံးဖြတ်လိမ့်မယ်” ဟု ၄င်းမှ ဆက်ပြောခဲ့ပါသည်။

ပြိုင်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းအသစ်ရွေးရန်အတွက် အချိန်အလုံအလောက်မကျန်တော့မည်ကို စိုးရိမ်နေသူအချို့ရှိပြီး ထိုသို့ဖြစ်လာလျှင် ဘိုင်ဒန့်ကိုသာဆက်လက်ထောက်ခံကြမည်ဟု လည်း ဆုံးဖြတ်ထားသူများလဲရှိနေသည်။

ဘီဘီစီနှင့် ယခုသီတင်းပတ်အတွင်း ပြောဆိုခဲ့သည့်အမည်မဖော်လိုသော အလှူရှင်ကြီးတစ်ဦးက ၎င်း၏ဗာဂျီးနီးယားနေအိမ်တွင် ယခုလနှောင်းပိုင်းတွင် ပြုလုပ်မည့် သမ္မတအတွက် ရန်ပုံငွေပွဲတစ်ခုကို ဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့အားလုံး ဒေါ်နယ် ထရမ့်ပ် ကို အိမ်ဖြူတော်ကနေ ဖယ်ထားချင်ပါတယ်၊ အဲဒါက ငါတို့ကို တညီတညွတ်တည်း စည်းလုံးစေနိုင်လိမ့်မယ်” လို့ သူက ပြောပါတယ်။ ဘိုင်ဒန် ကမ်ပိန်းက စကားစစ်ထိုးပွဲမှ စနေ၊ တနင်္ဂနွေအထိ ဒေါ်လာ ၃၈ သန်း၊ အဓိကအားဖြင့် အသေးစား လှူဒါန်းမှုတွေနဲ့ ဇွန်လတစ်လတည်းမှာ စုစုပေါင်း ဒေါ်လာ ၁၂၇ သန်း ရခဲ့တယ်လို့ ဆိုသည်။

Biden အဖွဲ့နှင့် သမ္မတတို့က ခက်ခဲသော စကားစစ်ထိုးပွဲတစ်ခုကို လက်ခံခဲ့ကြသော်လည်း မဲဆွယ်စည်းရုံးမှုအတွက်တော့ သူ့တွင် ခံနိုင်ရည်ရှိ​သေးကြောင်း ကို လူသိရှင်ကြားပြသရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

သောကြာနေ့တွင်၊ စကားစစ်ထိုးပွဲအပြီးတွင် ၎င်း၏အသက်အရွယ်နှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များအတွက် စိုးရိမ်ပူပန်မှုများကို ဖြေဖျောက်ရန် ABC သတင်းဌာနဖြင့် အင်တာဗျူးဖြေရန် စီစဉ်ထားသည်။

ဘိုင်ဒန်သည် ပြည်နယ်အုပ်ချုပ်ရေးမှူး Tony Evers နှင့် မဲဆွယ်စည်းရုံးရန်အတွက် Madison၊ Wisconsin သို့လည်း သွားရောက်မည်ဖြစ်သည်။

သို့သော် အတ္တလန်တာ စကားစစ်ထိုးပွဲအပြီးတွင် ၎င်း၏ရီပတ်ဘလီကန်ပြိုင်ဘက်၏ ဦးဆောင်မှုမှာ ပိုမိုကြီးမားကျယ်ပြန့်လာသည်ဟူသော အခြေအနေကို ဆက်တိုက်ရင်ဆိုင်နေရသည်။

ဗုဒ္ဓဟူးနေ့တွင်ထုတ်ဝေသော New York Times စစ်တမ်းတစ်ခုအရ ထရမ့်ပ် ရွေးကောက်ပွဲအကြို ဦးဆောင်မှုတွင် 6 မှတ်အသာရှိနေပြီဟု အကြံပြုထားသည်။

BBC ၏အမေရိကန်မိတ်ဖက် CBS News မှထုတ်ဝေသောသီးခြားစစ်တမ်းတစ်ခုက အရေးပါသောတိုက်ပွဲများတွင် သုံးမှတ်ရအသာထားသော ထရမ့်ပ် ဖက်သို့ အလေးသာ နေကြောင်းပြောဆိုခဲ့သည်။


ဇွဲ (Hydro)