တတိယသက်တမ်းအတွင်း ဝန်ကြီးချုပ်မိုဒီ ရုရှားနိုင်ငံသို့ နှစ်ရက်ကြာ သွားရောက်လည်ပတ်မည်

(နိုင်ငံတကာ) ဇူလိုင် ၇

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ဇူလိုင်လ ၈ ရက်မှ ၉ ရက်အထိ ရုရှားနိုင်ငံသို့ နှစ်ရက်ကြာ သွားရောက်လည်ပတ်မည်ဖြစ်ပြီး (၂၂) ကြိမ်မြောက် အိန္ဒိယ-ရုရှား နှစ်ပတ်လည် ထိပ်သီး အစည်းအဝေး ကျင်းပရန် နှစ်နိုင်ငံကြား ဘက်စုံဆက်ဆံရေးတစ်ခုလုံးကို ပြန်လည်သုံးသပ် သွားမည်ဖြစ်သည်။

ရုရှားနိုင်ငံသို့ ခရီးစဉ်အပြီးတွင် မိုဒီသည် သြစတြီးယားနိုင်ငံသို့ သွားရောက် မည်ဖြစ်ပြီး ယင်းမှာ ၄၁ နှစ်အတွင်း အိန္ဒိယ၀န်ကြီးချုပ်တစ်ဦး၏ သြစတြီးယားနိုင်ငံသို့ ပထမဆုံး  အလည်အပတ်ခရီးစဉ် ဖြစ်လာမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

၎င်းသည် ငါးနှစ်အတွင်း မိုဒီ၏ ရုရှားနိုင်ငံသို့ ပထမဆုံး ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။ ရုရှားနိုင်ငံသို့ ၎င်း၏နောက်ဆုံးခရီးစဉ်သည် ၂၀၁၉ ခုနှစ်တွင် အရှေ့ဖျားရှိ Vladivostok မြို့၌ ကျင်းပသော စီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ်နှင့် ရုရှားသမ္မတတို့၏ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးသည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးတွင် အမြင့်ဆုံး အဖွဲ့အစည်းဆိုင်ရာ ဆွေးနွေးမှု ယန္တရားဖြစ်နေသည်။ ယခုအချိန်အထိ အိန္ဒိယနှင့် ရုရှားမှာ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး ၂၁ ကြိမ် အလှည့်ကျ ကျင်းပခဲ့သည်။

နောက်ဆုံးအကြိမ် ထိပ်သီးအစည်းအဝေးကို နယူးဒေလီတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်တွင် ကျင်းပခဲ့သည်။ ထိုအချိန်က သမ္မတဗလာဒီမာပူတင်သည် ၎င်းထိပ်သီးအစည်းအဝေး တက်ရောက် ရန်အတွက် အိန္ဒိယသို့ သွားရောက်ခဲ့သည်။

ငြိမ်းချမ်းရေး၊ တိုးတက်မှုနှင့် သာယာဝပြောရေးတို့အတွက် ရုရှား- အိန္ဒိယ မိတ်ဖက်ဆက်ဆံမှုဟု ခေါင်းစဉ်တပ်ထားသည့် ပြီးခဲ့သောထိပ်သီးအစည်းအဝေးအတွင်း ပူးတွဲကြေညာချက်အပြင် နားလည်မှုစာချွန်လွှာ ၂၈ ခုနှင့် သဘောတူညီချက်များကို နှစ်ဖက်စလုံးက လက်မှတ်ရေးထိုး ခဲ့ကြသည်။ မိုဒီနှင့် ပူတင်တို့သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်က ဥဇဘက်ကစ္စတန်နိုင်ငံ Samarkand မြို့တွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ထိပ်သီး ဆွေးနွေးပွဲ၌ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

၎င်းတွေ့ဆုံမှုအတွင်း မိုဒီက “ယနေ့ခေတ်က စစ်ဖြစ်ရမယ့်ခေတ်မဟုတ်” ဟု ယူကရိန်းတွင် ဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်ရန် ပူတင်အား ဖိအားပေးခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ရုရှား-ယူကရိန်းပဋိပက္ခ စတင်ဖြစ်ပွားကတည်းက မိုဒီသည် ပူတင်၊ ယူကရိန်းသမ္မတ ဗလာဒီမာဇာလန်စကီးတို့နှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုမှုများ ပြုလုပ် ခဲ့သည်။

 ရုရှားနှင့် ၎င်း၏ ခိုင်မာသော ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းသည့်အနေဖြင့် အိန္ဒိယသည် မော်စကို၏ ယူကရိန်းကို စတင်တိုက်ခိုက်ခြင်းလုပ်ရပ်ကို ရှုတ်ချခြင်းမပြုခဲ့ဘဲ အကျပ်အတည်းကို သံတမန်ရေးရာနှင့် ဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းရမည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

G7 အဖွဲ့က စျေးနှုန်းကန့်သတ်ချက်များတိုးမြှင့်နေသော်လည်း အိန္ဒိယ၏ ရုရှားရေနံစိမ်း တင်သွင်းမှု သည် သိသိသာသာမြင့်တက်လာပြီး အနောက်နိုင်ငံအများအပြားတွင် ၎င်းဝယ်ယူမှု အပေါ် မကျေနပ်မှုများ တိုးလာနေသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် G7 အဖွဲ့နှင့် ၎င်း၏ မဟာမိတ် များက ယူကရိန်းကို တိုက်ခိုက်ခြင်းအတွက် မော်စကိုအား ဒဏ်ခတ်အရေးယူမှု ဆက်တိုက် ပြုလုပ်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားရေနံစျေးနှုန်းအပေါ် ကန့်သတ်ချက်များ ကြေညာ ခဲ့သည်။

တင်ဇာ

PAN