ညောင်ဦးမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဟောင်းနှင့် မိသားဝင်တို့အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း)ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ချောင်းရှည်ကျေးရွာအုပ်စု၊ ချောင်းရှည်ကျေးရွာ၊ အုပ်ချုပ်ရေး ကျေးရွာတာဝန်ခံဖြစ်သူ ဦးအောင်ဆန်းဦး၏ နေအိမ်သို့ ယနေ့နံနက် ၆ နာရီ ၂၀ မိနစ်အချိန်ခန့်က အကြမ်းဖက်သမား ၈ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် နေအိမ်ခြံဝင်းအတွင်း၊ ကျေးရွာအုပ်ချုပ်ရေးတာဝန်ခံ ဦးအောင်ဆန်းဦး၊ အသက် ၅၂ နှစ်၊ (ဘ)ဦးသိန်းတင်(ယခင် ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုး)သည် တောင်ဘက်သို့ ခေါင်းပြုလျှက် မှောက်လျှက်အနေအထားဖြင့် လက်နှစ်ဖက်အား နောက်ပြန်တိတ်အကြည်များဖြင့် ပတ်ချည်လျှက်တွေ့ရှိရပြီး နဖူးဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲ-လက်မောင်း ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲ-ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက် ဒဏ်ရာများဖြင့်လည်းကောင်း၊ သားဖြစ်သူ မောင်ညီညီလင်း၊ အသက် ၂၈ နှစ်၊ မြေစာရင်းဝန်ထမ်း၊‌ မြေတိုင်းအဆင့်(၄)၊‌ ညောင်ဦး‌မြို့နယ် မြေစာရင်း ဦးစီးဌာန(ပြည်ခိုင်ဖြိုးပါတီဝင်)တွင် ရင်အုံ ဘယ်/ညာ ဖောက်ဝင်၊ ဝဲ-လက်ပြင်မှ​ ဖောက်ထွက်ဒဏ်ရာ ၂ ချက်ဖြင့်လည်းကောင်း၊ သမီးဖြစ်သူ မခင်မြတ်မြတ်ဦး၊ အသက် ၂၅ နှစ်၊(ပြည်ခိုင်ဖြိုးပါတီဝင်) သည် ဝဲ‌-ပေါင် ရှပ်မှန်ဒဏ်ရာ ၁ ချက်၊ ဝဲ-ရင်အုံမှ‌‌နောက်ကျော ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့‌ဖြင့်လည်းကောင်း သေဆုံးနေကြောင်း သိရသည်။

အခင်းဖြစ်နေရာမှ M-22 ကျည်ခွံ ၆ ခွံ အားတွေ့ရှိရပြီး၊ အကြမ်းဖက်သမားများ သည်‌ ဦးအောင်ဆန်းလင်း၏ နေအိမ်မှ 57W/86869၊JINCHENG၊ အမျိုးအစား အနက်ရောင်ဆိုင်ကယ် ၁ စီးနှင့် အနီနှင့်အနက်ကြား၊ တရုတ်ဆိုင်ကယ် ၁ စီးတို့အား ယူဆောင်သွားကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့တွင် သေဆုံးသွားသူ ဦးအောင်ဆန်းဦးအား “အသိတရားကင်းမဲ့သောလူကြီးမင်းရေ၊ အာဏာရှင်လက်အောက်မှာဒူးထောက်ပြီး၊အာဏာရူးခိုင်းသမျှ တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သတ်၍ ယနေ့သတိပေးသည့်နေ့မှစ၍ နောက်နေ့များတိုင်ပြုလုပ်နေပါက အနှေးနှင့်အမြန် မရဏလမ်းသို့ပို့ဆောင်ပေးတော့မည်ဖြစ်ကြောင်းအသိပေးလိုက်ပါသည်။“ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟု ခြိမ်းခြောက်စာ ပို့ခံရပြီး ယခုလို သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ