“ချယ်ရီသီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ”

(ကျန်းမာရေး) ဇွန် ၂၃


ကျန်းမာရေးကဏ္ဍကနေ ချယ်ရီသီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ ချယ်ရီသီးက ကယ်လိုရီနည်းပါးပြီး ဗီတာမင်စီကြွယ်ဝစွာပါဝင်ပါတယ်။ ပရိုတင်း၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ အမျှင်ဓာတ်၊ မဂ္ဂနီစ် စတဲ့ အာဟာရဓာတ်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါသေးတယ်။


လေ့လာချက်တွေအရ ချယ်ရီသီးမှာ အဆစ်အမြစ်ကိုက်ခဲခြင်းအတွက် အကျိုးသက်ရောက်မှုရှိစေပါတယ်။ ချယ်ရီသီးဖျော်သောက်ခြင်း ဒါမှမဟုတ် သရေစာအဖြစ်စားပေးခြင်းက သင့်ရဲ့အဆစ်အမြစ် ကိုက်ခဲနာကျင်ခြင်းကို သက်သာစေပါတယ်။


ချယ်ရီသီးမှာ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။ အိုမင်းရင့်ရော်ခြင်းကိုလည်း နှေးစေပြီး နာတာရှည်ရောဂါတွေကို သက်သာစေပါတယ်။ နှလုံးရောဂါ၊ ကင်ဆာ၊ အင်ဇိုင်းမား၊ ဆီးချိုသွေးချိုနဲ့ အဝလွန်ခြင်းကဲ့သို့ ရောဂါတွေဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။


ဒါ့အပြင် ဆီးချိုရောဂါကို ကာကွယ်ပေးခြင်းမှာ အထာက်အကူဖြစ်စေပါတယ်။ ရောင်ရမ်းခြင်းကို လျှော့ကျ စေတဲ့အတွက် ခန္ဓာကိုယ်ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ Glycemic index လည်း နည်းတာကြောင့် ဆီးချိုသမားတွေအတွက် အဆင်ပြေစေပြီး သွေးထဲကသကြားဓာတ်ကို ထိန်းချုပ်ပေးပါတယ်။


လေ့လာချက်တွေအရ ချယ်ရီသီးဖျော်ရည်သောက်သုံးသူတွေမှာ ကိုလက်စထရော လျော့ကျစေတာကို တွေ့ရပါတယ်။ မကောင်းတဲ့ ကိုလက်စထရော LDL ကို လျော့ကျစေခြင်းဟာ နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံးခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။


ချယ်ရီသီးမှာ Melatonin ပါဝင်ပြီး အဲဒီ ဟော်မုန်းဓာတ်က သင့်ရဲ့အိပ်ပျော်မှုအတွက် အကူအညီ ဖြစ်စေ ပါတယ်။ လေ့လာချက်တွေအရ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ အိပ်မပျော်တဲ့ ရောဂါခံစားနေရတယ်ဆိုရင် ချယ်ရီသီးဖျော်ရည်ကို မနက်တိုင်း ဒါမှမဟုတ် မအိပ်ခင် ၁ နာရီ၊ ၂ နာရီအလိုခန့်မှာ သောက်ပေးခြင်းက ကောင်းမွန်စွာနဲ့ အိပ်ပျော်စေတယ်လို့ တွေ့ရှိရပါတယ်။


ဒါ့အပြင် ဂေါက်ရောဂါ ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ လေ့လာချက်တစ်ခုမှာ ဂေါက်ရောဂါရှိသူတွေ အနေနဲ့ ချယ်ရီသီးကို နှစ်ရက်ခန့် စားသုံးလိုက်ခြင်းက မစားတဲ့သူတွေထက် ဂေါက်ရောဂါဖြစ်နိုင်ချေ ၃၅ ရာခိုင်နှုန်း လျော့သွားတာကို တွေ့ရပါတယ်။

#PAN