(စီးပွားရေး) ဇွန် ၂၁
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှစတင်၍ သွင်းကုန် လိုင်စင်/ပါမစ် ခွင့်ပြုချက်မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ သွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနရဲ့ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၃/၂၀၂၄)နဲ့ ထုတ်ပြန် ထားပါတယ်။
အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ပြုထားတဲ့ ကုန်ပစ္စည်းများမှအပ ကျန်ပြည်ပမှ တင်သွင်းတဲ့ ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ တင်သွင်းရောက်ရှိခြင်း မပြုလုပ် ရန်နှင့် ခွင့်ပြုချက် မရရှိဘဲရောက်ရှိပါက အဆိုပါတင်သွင်းတဲ့ကုမ္ပဏီများကို ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီအရေးယူမည်ဖြစ်ကြောင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်မှာ အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၀)နဲ့ ထုတ်ပြန်ထားပေမယ့် သတ်မှတ် စည်းကမ်းများကို လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို ခွင့်ပြုချက်မရရှိသေးတဲ့ ကုန်ပစ္စည်းများကို ကြိုတင်တင်သွင်း ဆောင်ရွက်လျက်ရှိတာကို တွေ့ရှိနေရတယ်လို့ သိရပါတယ်။
ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကျန်းမာရေးကဏ္ဍတိုအတွက် လိုအပ်တဲ့အရေးကြီးကုန်ပစ္စည်းများကို အကောက်ခွန်ဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက်ခွန်ကုန်လှောင်ရုံများမှာ ထည့်သွင်းခွင့်ပြု ထားပြီးဖြစ်ပါတယ်။
ဒါကြောင့် ထုတ်ပြန်ပေးထားတဲ့ ဥပဒေနှင့်စည်းကမ်းများကို အလေးအနက်ထား လိုက်နာစေရန်ရည်ရွယ်၍ သွင်းကုန်လိုင်စင်/ပါမစ်ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ ကုန်ပစ္စည်းများဆိပ်ကမ်းနှင့် လေဆိပ်များသို့ တင်သွင်း ရောက်ရှိမှုမရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ထပ်မံ နှိးဆော်အသိပေး ကြေညာထားပါတယ်။
Telegram>>…
https://t.me/positiveanglenews