(နိုင်ငံတကာ) မေ ၂၄
တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပမည်
(နိုင်ငံတကာ) မေ ၂၄
တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်ခေါင်းဆောင်များသည် လာမည့် မေလ ၂၇ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကျင်းပမည်ဖြစ်သည်။
ထိုသို့ ကျင်းပခြင်းသည် လေးနှစ်ခွဲကာလအတွင်း ပထမဆုံး ဖြစ်သည်။ တောင်ကိုရီးယားသမ္မတ ယွန်ဆုခ်ယော် သည် တရုတ်ဝန်ကြီးချုပ် လီကျန်နှင့် ဂျပန် ဝန်ကြီးချုပ် ကီရှီဒါး ဖူမီယိုတို့နှင့် မေလ ၂၆ ရက်တွင် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတရုံးက မေလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ဆွေးနွေးသွားမည့် အကြောင်းအရာများတွင် စီးပွားရေး၊ အသိအမြင်များ ပိုမိုကျယ်ပြန့်ရန် ပြည်သူအချင်းချင်း ဖလှယ်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် သဘာဝဘေးဒုက္ခ ကြုံတွေ့ချိန်တွင် ပူးပေါင်းဆောင်ရွက်ရေးများ ပါဝင်မည်ဖြစ်ကြောင်း သမ္မတရုံးက ဆက်လက်ထုတ်ပြန်ထားသည်။
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ၂၀၀၈ ခုနှစ်မှ စကာ အာရှသုံးနိုင်ငံ နှစ်စဉ်ဆွေးနွေးပွဲ ကျင်းပသွားရန် သဘောတူခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတွင် ပူးတွဲကြေညာချက်များ ထုတ်ပြန်သွားမည် ဖြစ်သည်။
သို့သော်လည်း ပဏာမဆွေးနွေးပွဲများကို ကိုဗစ်-၁၉ ကူးစက်ရောဂါ၊ ဂျပန်နှင့် ကိုရီးယားတို၏ အငြင်းပွားမှုကြောင့် မကျင်းပနိုင်ဘဲ နှောင့်နှေးခဲ့ရသည်။ နောက်ဆုံး သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့ သည်။
ယခုဆွေးနွေးပွဲသည် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို ပုံမှန်အတိုင်း ပြန်လည်ဖြစ်စေမည့် အလှည့်အပြောင်း အချိုးအကွေ့ တစ်ခုဖြစ်မည်ဖြစ်ကြောင်း သမ္မတရုံးက ဆက်လက်ဖော်ပြခဲ့သည်ဟု NHK သတင်းဌာနမှ သိရသည်။
Telegram»…
https://t.me/positiveanglenews