(ပြည်တွင်း) မေ ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် “ပူတာအိုဒေသ ဝမ်းစာဖူလုံဖို့ ဒီ(၃)နှစ်မှာ ကြိုးစားစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် တောင်သူများ၏ လယ်ယာလုပ်ငန်း အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်စေရေးအတွက် စက်သုံးဆီ(ပရီမီယံဒီဇယ်)များ ဈေးနှုန်းချိုသာစွာဖြင့် မေ ၂၁ ရက် နံနက် ၁၀ နာရီမှစတင်ပြီး ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
နောင်မွန်းမြို့နယ်တွင် စိုက်ပျိုးတောင်သူများ၏ လယ်ဧကပေါင်း (၃၀၀၀)ဧကရှိရာ တစ်ဧကကို စက်သုံးဆီ ၂ ဒသမ ၇လီတာ (ဝ ဒသမ ၆ ဂါလန်)နှုန်း တစ်ဂါလန်ကို သယ်ယူစရိတ်အပါ ကျပ် ၁၆၀၀၀ နှုန်းဖြင့် စိုက်ပျိုးတောင်သူ အယောက်တိုင်းအား ထုတ်ပေးလျက်ရှိပြီး လက်ရှိ နောင်မွန်းမြို့နယ် ဒေသပေါက်ဈေး ဒီဇယ်တစ်ဂါလန်လျှင် ၈၀၀၀၀ ကျပ်ရှိကြောင်း သိရသည်။
အဆိုပါ စက်သုံး(ပရီမီယံဒီဇယ်)များကို မြို့နယ်စက်သုံးဆီဖြန့်ဖြူးရေး ကြီးကြပ်မှုကော်မတီ၏ အနီးကပ်ကြပ်မတ်မှုဖြင့် ရပ်ကွက်/ကျေးရွာ စက်သုံးဆီဖြန့်ဖြူးရေး ကြီးကြပ်မှုကော်မတီများမှ တစ်ဆင့် တောင်သူများ၏ လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်သည်။
နောင်မွန်းမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် စက်သုံးဆီဈေးနှုန်းများနှင့် ဆန်၊ ဆီ၊ ဆား စသည်ဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews