ရုရှားက မဟာဗျူဟာမြောက်မဟုတ်သော နျူကလီးယားလက်နက်များ အသုံးပြုမှု စစ်ရေးလေ့ကျင့်မည်


မေ ၈

ရုရှားနိုင်ငံတောင်ပိုင်းရှိ ဒုံးတပ်ဖွဲများ မဟာဗျူဟာမြောက်မဟုတ်သော နျူကလီးယားလက်နက်များ အသုံးပြုမှု စစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်ခန်းများတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုံးတပ်ဖွဲ့များအပြင် လေတပ်နှင့်ရေတပ်တို့မှ တပ်ဖွဲ့ဝင်များလည်းပါဝင်သွားမည်ဖြစ်ပြီး နိုင်ငံ၏ စစ်သေနာပတိချုပ် ဗလာဒီမာပူတင်၏ ညွှန်ကြားချက်များနှင့်အညီ လေ့ကျင့်ခန်းများကိုလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ရေး လေ့ကျင့်ခန်း လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်သည် မဟာဗျူဟာမြောက်မဟုတ်သော နျူကလီးယားတပ်ဖွဲ့များအနေဖြင့် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်နိုင်သည့် အသင့်ရှိမှုအခြေအနေကို တိုးမြှင့်ရန်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ရုရှားနိုင်ငံအပေါ် ဆန့်ကျင်ကာ အနောက်အုပ်စုမှ တာဝန်ရှိသူများ၏ ရန်လိုသည့် ထုတ်ပြန်ချက်များနှင့်ခြိမ်းခြောက်မှုများကို တုံပြန်သည့်အနေဖြင့် ရုရှားနိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကို ခြွင်းချက်မရှိ သေချာစေဖို့အတွက် မဟာဗျူဟာမြောက်မဟုတ်တဲ့ နျူကလီးယားလက်နက်များ အသုံးပြု တိုက်ပွဲဝင်ရာမှာ လူ၊လက်နက်များ အသင့်ရှိမှုအနေအထားကို ထိန်းသိမ်းဖို့ အဆိုပါလေ့ကျင့်ခန်းများကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

NATO တပ်ဖွဲ့က လုပ်ဆောင်သည့် Steadfast Defender အမည်ရှိ စစ်ရေး လေ့ကျင့်ခန်း များသည် ၎င်းတို့အနေဖြင့် ရုရှားနိုင်ငံအပေါ် ပဋိပက္ခဖန်တီးရေးအတွက် ကြိုတင်ပြင်ဆင်မှုတစ်ရပ် ဖြစ်သည်ကို တွေ့ရကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ပြောထားသည်။

NATO တပ်ဖွဲ့သည် အဆိုပါစစ်ရေး လေ့ကျင့်ခန်းကို ရုရှားနိုင်ငံ၏ နယ်စပ်အနီးဝန်းကျင်တွင် လုပ်ဆောင်နေခြင်းဖြစ်ပြီး သမရိုးကျ လက်နက်များ သာမက ပေါင်းစပ်လက်နက်များကိုပါ အသုံးပြု လေ့ကျင့်နေခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံသည် NATO တပ်ဖွဲဝင်နိုင်ငံများ အပေါ် ပေါင်းစပ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု အဆိုပါ မဟာမိတ် အဖွဲက စွပ်စွဲထားသည်။

သို့သော် အနောက်အုပ်စုသည် ၎င်းတို့ အကျွမ်းကျင်ဆုံးအလုပ်ဖြစ်သည့် သတင်းမှားဖြန့်ဝေမှု အလုပ်ကို လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု မာရီယာ ဇာခါရိုဗာ က တုံပြန်ထားသည်ဟု Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews/22369

PAN

SZ