မတ် ၂၉
ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်ပြီး တားမြစ်ဓာတုပစ္စည်းတွေပါဝင်တဲ့ အလှကုန်ပစ္စည်း ၇ မျိုး ကို ပြည်သူလူထုများအနေနဲ့ သုံးစွဲဖို့မသင့်တော်ဘူးလို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်းမှာ ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေကို စစ်ဆေးခဲ့ရာမှာ အဲ့ဒီအလှကုန်ပစ္စည်း ၇ မျိုးဟာ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှာ မှတ်ပုံတင်ထားတာလည်းမရှိဘူးလို သိရပါတယ်။
အခုတားမြစ်လိုက်တဲ့ အလှကုန်ပစ္စည်း ၇ မျိုးဟာ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က ထုတ်လုပ်တဲ့ အလှကုန် ပစ္စည်းတွေဖြစ်ပြီး အဲ့ဒီအလှကုန် ၇ မျိုးထဲမှာ Rhodamine B နဲ့ ခဲဓာတ် တို့လို တားမြစ်ဓာတုပစ္စည်းတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
အဲ့ဒီတားမြစ်ဓာတုပစ္စည်းတွေဟာ အရေပြားယားယံတာ၊ ရောင်ရမ်းတာ၊ အဖုအနီကွက်တွေဖြစ်တာ၊ အရေပြားကနေတစ်ဆင့် ခန္ဓာကိုယ်အတွင်းကိုစုပ်ယူပြီး ထုံကျင်တာ၊ ကြွက်သားတုန်ခါတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာနဲ့ စိတ်ကျရောဂါတွေအပြင်၊ ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးတာနဲ့ အခြားရောဂါတွေပါ ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် အလှပြင်ပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချတဲ့ကုမ္ပဏီနဲ့ လက်လီလက်ကားဆိုင်တွေက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းတင်တာမရှိပဲ အများပြည်သူ သုံးစွဲဖို့မသင့်ဘူးလို့ ကြေညာထားတဲ့ အလှကုန်ပစ္စည်းတွေကို တင်သွင်းဖြန့်ဖြူးရောင်းချတာတွေကို ကျင့်ဝတ်အရ လုံးဝခွင့်မပြုဖို့နဲ့ လိုက်နာဆောင်ရွက်တာမရှိရင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃ ၊ အပိုဒ်(၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
PAN