လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး ထိုင်း – မြန်မာ နှစ်နိုင်ငံ ဆွေးနွေး


မတ် ၁

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်း ရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၈ ရက်က ရန်ကုန်မြိုရှိ Park Royal Hotel မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး နှစ်နိုင်ငံ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါ အစည်းအဝေးမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ထိုင်းနိုင်ငံအစိုးရအနေနဲ့ မြန်မာနိုင်ငံသား လူကုန်ကူးခံရသူများကို ဂေဟာ မှာ လက်ခံစောင့်ရှောက်ခြင်း၊ ပြင်ပအလုပ်အကိုင်များ ရှာဖွေပေးခြင်း၊ ထောက်ပံ့ငွေနှင့် လျော်ကြေးငွေများရရှိအောင် ကူညီဆောင်ရွက်ပေးခြင်းတိုအတွက် လူကုန်ကူးခံရသူများ ကိုယ်စားကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်းနိုင်ငံများအကြား စံပြနမူနာကောင်း ဖြစ်ခဲ့ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံလူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၏ အဓိကအပိုင်းမှာ ပါဝင်တဲ့ ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြား ခဲ့ပါတယ်။

ထိုင်းနိုင်ငံ လူမှုဖွံဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် Ms. Sara Binyoh ကလည်း လူကုန်ကူးမှုပြဿနာဟာ လူသားများရဲ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာချိုးဖောက်စေတဲ့ ပြဿနာ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံအစိုးရအနေနဲ့ လူကုန်ကူးမှုပြဿနာ မဖြစ်ပေါ်စေရေးအတွက် ကာကွယ်တားဆီး နိုင်မည့် နည်းလမ်းများနှင့် ဖြစ်ပေါ်လာတဲ့ လူကုန်ကူးမှုပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုပါ ကဏ္ဍအလိုက် ပြင်ဆင်မွမ်းမံဆောင်ရွက်လျက်ရှိတယ်လို အဆိုပါအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လူကုန်ကူးခြင်းခံရသူများကို ထိုင်းနိုင်ငံ အစိုးရအနေဖြင့် ဥပဒေ၊ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ စံနှုန်းနှင့် အညီ ကြည့်ရှုစောင့်ရှောက်ထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အဆိုပါ (၂၉)ကြိမ်မြောက် မြန်မာ – ထိုင်း လူကုန်ကူးခံရသူများကို ပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိင်းအစည်းအဝေးတွင် အစည်းအဝေးဆုံးဖြတ်ချက် (၁၃)ချက် အတည်ပြု နိုင်ခဲ့‌တယ်လို သိရပါတယ်။