ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းထမ်းဆောင်ရန် မြန်မာသံရုံးအသိ ပေး

ဒီဇင်ဘာ ၁၄

      ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသားများအနေနှင့် ဝင်ငွေ၏ ၂ ရာခိုင်နှုန်းကို အခွန်ထမ်းဆောင်ကြရန် ဘန်ကောက်မြို့၊ မြန်မာသံရုံးက ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အသိပေးချက်ထုတ်လိုက်သည်ဟု သိရပါသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများထဲမှ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုး/မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေ ထွေလုပ်သားစသည့် Blue Collar များ၏ လစဉ်ဝင်ငွေကို ဘတ် ၇,၅၀၀ နှုန်းသတ်မှတ်ပြီး ၂ ရာ ခိုင်နှုန်းဖြစ်သည့် ဘတ် ၁၅၀ ကို လစဉ်ပေးသွင်းရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

       လစဉ်ဝင်ငွေခွန်အဖြစ် ဘတ် ၁၅၀ ပေးသွင်းမည်ဆိုလျှင် လစဉ် ဘတ် ၇,၅၀၀ နှင့် ညီမျှသည့် မြန်မာကျပ်ငွေကို ငွေဖြူအဖြစ် ခံစားရရှိမှာဖြစ်ပြီး မြန်မာ နိုင်ငံကိုပြန်ရောက်ချိန် အိမ်၊ ခြံ၊ မြေ၊ ကား ဝယ်ယူရာတွင် စုဆောင်းထားသည့် ငွေဖြူစာရင်းအပေါ်တွက်ချက်ပြီး ဝင်ငွေခွန်လျှော့ပေါ့ပေးခြင်းကို ခံစားခွင့်ရရှိမှာဖြစ်သည်ဟု ဆိုပါသည်။

      ထို့အပြင် ထိုင်းနိုင်ငံ၏ ကုမ္ပဏီများ (ရေ ကြောင်းကုမ္ပဏီများအပါအဝင်)၊ ဆေးရုံများ၊ တက္ကသိုလ်/ ကောလိပ်များ၊ အင်ဂျင်နီယာများစသည့် White Collar များ၏ ဝင်ငွေခွန်ကောက်ခံရာတွင် လစာဝင်ငွေအပေါ် ၂ ရာခိုင်နှုန်း အခွန်တွက်ချက် ထားသော်လည်း ထိုင်းနိုင်ငံတွင် အခွန်ဆောင်ထားလျှင် ၂ ရာခိုင်နှုန်း အခွန်တွက်ချက် ရငွေမှ နုတ်ပြီး ကျန်ငွေကိုသာ ပေးဆောင်ရမှာဖြစ်သလို ငွေဖြူခံစားခွင့်အနေနှင့် ဘတ် ၄၁,၁၀၀ နှင့် ညီမျှသည့် မြန်မာကျပ်ငွေကို ခံစားခွင့်ရရှိမှာ ဖြစ်သည်ဟု ဖော်ပြထားပါသည်။

      White Collarအခွန်ထမ်းများအနေနှင့် မြန်မာသံရုံးကို အခွန်လာရောက်ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာ ကုမ္ပဏီ/ ဌာန၏ Pay Slip သို့ မဟုတ် Salary Certificate နှင့် Tax Slip များကို ယူဆောင်လာရန် လိုအပ်သည်ဟုလည်း ဆိုပါသည်။ အခွန်ထမ်းဆောင်သူများကို QR Code ပါသည့် အခွန်ပေးသွင်းမှုအထောက်အထားလက် မှတ်ကို ပြန်လည်ပေးအပ်မှာ ဖြစ်ပြီး ပျောက်ဆုံး/ပျက်စီးမှုမရှိစေရန် ထိန်းသိမ်းရမှာ ဖြစ်ပါသည်။

       အခွန်ပေးသွင်းရာတွင် အောက်တိုဘာလ မှ ဒီဇင် ဘာလအထိ ၃ လစာကို အရင်ပေးသွင်းရမည်ဖြစ်ပြီး နောက်ပိုင်းတွင် လစဉ် ၃ လတစ်ကြိမ်၊ ၆ လတစ်ကြိမ်၊ ၉ လတစ်ကြိမ် ပေးသွင်းနိုင်သည်ဟု ထုတ်ပြန်ထားပါသည်။

#PAN