ကော့ကရိတ်မြို့ကို အကြမ်းဖက်သောင်းကျန်းသူ KTLA /PDF ပူးပေါင်းအဖွဲ့များက မြို့သိမ်းတိုက်ပွဲအတွက် တပ်မ ဟာ(၃)အား စစ်ကူခေါ်ယူထားသည်ဟု ဆို

ဒီဇင်ဘာ ၁၁

      ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို အကြမ်းဖက်သောင်းကျန်းသူ KTLA /PDF ပူးပေါင်းအဖွဲ့များက အကြိမ်ကြိမ် လာရောက်နှောက်ယှက်တိုက်ခဲ့ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကြောင့် မြို့ပေါ်ရှိ ဝန်ထမ်းများ၊ ပြည်သူများက မနေရဲကြတော့ဘဲ အခြားဒေသများသို့ စစ်ဘေးရှောင်အဖြစ် ပြောင်းရွှေနေထိုင်ကြရာ မြို့ပေါ်တွင် နေထိုင်သူ အနည်းငယ်သာကျန်ရှိကြောင်း သိရပါသည်။

      ဒီဇက်ဘာလ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများက နေအိမ်များ၊ အစိုးရအဆောက်အဦများကို မီးရှို့ဖျက်ဆီးရာ တွင် ကော့ကရိတ်မြို့၊ အမှတ် (၃)ရပ်ကွက်၊ ကမ်းနားတန်းလမ်းနှင့် ဘုရင်နောင်လမ်းထောင့်ရှိ ကော့ကရိတ်ခရိုင်လျှပ်စစ်ရုံးအား မီး၀င်ရောက်ရှို့​ခဲ့​ကြောင်း မြို့ပေါ်တွင်ကျန်ရှိသော ဒေသခံတစ်ဦးက ပြောပြလာသည်။

      ယနေ့ နံနက်ပိုင်းမှစ၍ ကော့ကရိတ်မြို့တောင်ဘက်ခြမ်း အာရှလမ်းမကြီးပေါ်ရှိ ကျိုက်ဒုံလမ်းခွဲနေရာတွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် လုံခြုံ ရေးတပ်ဖွဲ့၀င်များ ပြင်းထန်စွာတိုက်ပွဲဖြစ် ပွားနေကြောင်း သိရှိရပါသည်။

      အကြမ်းဖက်သောင်းကျန်းသူများသည် ကော့ကရိတ်မြို့အား မြို့သိမ်းတိုက်ပွဲအတွက် တပ်မဟာ (၃)အား စစ်ကူခေါ်ယူထားကြောင်း၊ စစ်ကူရောက်လာပါက မြို့သိမ်းတိုက်ပွဲစတင်လူပ်ရှားမည်ဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူ ဒေသခံများထံမှ သိရှိရသည်။

#PAN