ရုပ်ကြွင်းလောင်စာမှ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုပမာဏ ယမန်နှစ်ထက် ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာ

ဒီဇင်ဘာ ၇

       ရုပ်ကြွင်းလောင်စာမှ ကာဗွန်ဒိုင်အောက်ဆိုက်
ထုတ်လွှတ်မှုပမာဏသည် ယမန်နှစ်ထက် ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း Global Carbon Project မှ သုတေသီများက ခန့်မှန်းပြောကြားသည်။ သုတေသီများ သည် ဒူဘိုင်းမြို့တော်တွင် ကျင်းပသော COP28  ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံတွင် ဒီဇင်ဘာ ၅ ရက်က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါအဖွဲ့တွင် ဂျပန်နိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှ သုတေသီများ ပါဝင်သည်။

      လက်ရှိတွင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုများ ဆက်လက်မြင့်တက်မည်ဆိုပါက ပျမ်းမျှကမ္ဘာ့အပူချိန် မြင့်တက်လာမှုသည် ခုနစ်နှစ်အတွင်း ပါရီသဘောတူညီချက်၏ သတ်မှတ်ချက်ဘောင်ကို ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထိ ချိုးဖောက်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထား သည်။

     ကျောက်မီးသွေးနှင့်ရေနံကဲ့သို့သော ရုပ်ကြွင်းလောင်စာများကို မီးရှို့ခြင်းဖြင့် ၂၀၂၃ ခုနှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု တန်ချိန် ၃၆ ဒသမ ၈ ဘီလီယံခန့် ထုတ်လွှတ်ခဲ့ကြောင်း အစီရင်ခံ စာအရ သိရသည်။

      ကျောက်မီးသွေး ဓာတ်ငွေ့ထုတ်လွှတ်မှုသည် စုစု ပေါင်း၏ ၄၁ ရာခိုင်နှုန်းအထိ ရှိလာပြီး ယမန် နှစ်ကထက် ၁ ဒသမ ၁ ရာခိုင်နှုန်း တိုးလာကြောင်း အဆိုပါအဖွဲ့က ပြောကြားသည်။

      ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုသည် ၂၀၂၂ ခုနှစ်မှစပြီး လျော့ကျသွားခဲ့သော်လည်း အိန္ဒိယနိုင်ငံတွင် ၈ ဒသမ ၂ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံတွင် ၄ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။

      COP28 ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီ လာခံတွင် ဥရောပသမဂ္ဂနှင့် ကျွန်းနိုင်ငံများက ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို ရပ်တန့်ရန် တောင်းဆိုနေကြသော်လည်း အချို့သောနိုင်ငံများက ပြင်းထန်စွာ ကန့်ကွက်ကြောင်း သိရသည်။

#PAN