လီဗာပူးအသင်းနှင့်ပွဲစဉ်မှာ သရေရလဒ်သာ ထွက်ပေါ်ခဲ့သော်လည်း အမှတ်ပေးဇယားထိပ်ဆုံးတွင် မန်စီးတီးအသင်း ဆက်လက်ဦးဆောင်ခွင့်ရရှိ

နိုဝင်ဘာ ၂၆

      ပရီမီယာလိဂ်ပွဲစဉ်(၁၃)ရဲ့ နိုဝင်ဘာ ၂၅ ရက် အစောဆုံးပွဲစဉ်နဲ့ အကောင်းဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေရလဒ်သာ ထွက်ပေါ်ခဲ့ပေမယ့် မန်စီးတီးအသင်းဟာ ပရီမီယာလိဂ်အမှတ် ပေးဇယားထိပ်ဆုံးမှာ ဆက် လက်ဦးဆောင်ခွင့် ရရှိခဲ့ပါတယ်။

      အဲဒီပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် သွင်းဂိုး တစ်ဂိုးကို ပထမပိုင်းပွဲကစားချိန် ၂၇ မိနစ်မှာ တိုက် စစ်မှူး ဟာလန်းက သွင်းယူပေးခဲ့တာဖြစ်ပြီး တိုက်စစ်မှူး ဟာလန်းအနေနဲ့ အခုပွဲစဉ်မှာ သွင်းဂိုး တစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒေါ့မွန်အသင်းကနေပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း မန်စီးတီးအသင်းအတွက် သွင်းယူနိုင်ခဲ့တဲ့ ပရီမီယာလိဂ်သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။

      တိုက်စစ်မှူး ဟာလန်းအနေနဲ့ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ဘရန်းဖို့ဒ်အသင်းကလွဲရင် အခြားသောပရီမီယာလိဂ်ကလပ်အသင်းတွေတိုင်းကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

      လီဗာပူးအသင်းအတွက် ချေပဂိုးကိုတော့
ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၈၀ မှာ နောက်တန်း
ကစားသမား အလက်ဇန္ဒားအာနိုးက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ အခုပွဲစဉ်မှာ သရေရလဒ်သာထွက်ပေါ်ခဲ့ပေမယ့် ဘရန်းဖို့ဒ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ပွဲစဉ်မတိုင်မီ ပရီမီယာလိဂ်ပွဲစဉ် (၁၃)အပြီးမှာ ကိုးပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးရမှတ် ၂၉ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက် ဦး ဆောင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

       လီဗာပူးအသင်းကလည်း မန်စီးတီးအသင်းနဲ့ ပွဲစဉ် မှာ သရေတစ်မှတ်သာရယူနိုင်ခဲ့ပေမယ့် ပရီမီယာလိဂ်ပွဲစဉ်(၁၃)အပြီးမှာ ရှစ်ပွဲနိုင်၊ လေးပွဲသရေ၊ တစ်ပွဲရှုံးရမှတ်၂၈ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ် တည်ခွင့်ရရှိနေတာဖြစ်ပါတယ်။

#PAN