ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၅ သန်း ဖမ်းဆီးရမိပြီး ကွင်းဆက်အရ တောင်ကြီးမြို့တွင် ပစ္စတိုသေ နတ် ၂ လက်နှင့် လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရမိ

နိုဝင်ဘာ ၂၅

      မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ် ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၁၀ နာရီအချိန် ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ လွိုင်လင် – တောင်ကြီးသွားကားလမ်း၊ ဟိုတင့်ကျေးရွာအနီးတွင် လွိုင်လင်မှ တောင်ကြီးဘက်သို့ ခင်ထွေး(ခ)ခင်သိန်း မောင်းနှင်လာသည့်  TOYOTA ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၅ သန်း သိမ်းဆည်းရမိခဲ့သည်။

      ၎င်းနောက် ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင် ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီအချိန် ပူးပေါင်းအဖွဲ့သည် ကွင်းဆက်တရားခံ စိုင်းလွယ်ခမ်း နေထိုင်သည့် တောင်ကြီးမြို့၊ ကံကြီးရပ် ကွက်ရှိနေအိမ်ကို ဆက် လက်ရှာဖွေရာ ၎င်းကို မတွေ့ရှိရဘဲ ၎င်းနေအိမ်အိပ် ခန်းအတွင်းမှ ပစ္စတိုသေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ 9 MM LUGER ကျည် ၅၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ TOYOTA HARRIER မော်တော်ယာဉ် ၂ စီး၊ TOYOTA CROWN မော်တော် ယာဉ် ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည် နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ် ကြောင်း သိရှိရသည်။

      ကွင်းဆက် တရားခံ စိုင်းလွယ်ခမ်း၏ နေအိမ်ဖြစ်သည့် တာချီလိတ်မြို့၊ ပါလျှံ(၁)ရပ်ကွက်၊ အိမ်အမှတ် (ပလ-၁/၆၅၄)အိမ်ကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် တာချီလိတ်မြို့၊ ဌာနဆိုင်ရာ ပူး ပေါင်းအဖွဲ့မှ ဝင်ရောက်ရာဖွေခဲ့ရာ ဦးစိုင်းလွယ်ခမ်းမှ နေအိမ်တွင်မရှိပဲ ၎င်းပိုင်ဆိုင်သော မော်တော်ယဉ် ၃ စီးကို သိမ်းဆည်းခဲ့သည်ဟု သိရသည်။

      တရားခံပြေး ဦးစိုင်းလွယ်ခမ်း သည် ပြည်သူရှေ့ ဆောင်ပါတီ ၏ ရှမ်းပြည်နယ်အရှေ့ပိုင်းဥက္ကဌအဖြစ်တာဝန်ယူထားသူ ဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံတွင် ပညာအရည်အချင်း ၇ တန်းအောင် ဟုသာ မှတ်တမ်းရှိသော်လည်း ထိုင်းနိုင်ငံတက္ကသိုလ်မှ ဘွဲ့ရရှိထားသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

    အဆိုပါ  မူးယစ်ဆေးဝါး တရားမဝင်သယ် ဆောင်သူ ခင်ထွေး(ခ)ခင်သိန်း အား ဥပဒေအရ အရေးယူထားရှိပြီး ဦးစိုင်းလွယ်ခမ်း အပါအဝင်ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများပိုင်ဆိုင်သည့် ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေ ကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက် လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN