2023 Globe Soccer Awards ဆုပေးပွဲတွင် ပေးအပ်ချီးမြှင့်မည့် Best Men’s Player ဆု ဆန်ခါတင်စာရင်းတွင် မန်စီးတီးအသင်း ကစားသမား အများစုပါဝင်လာ

နိုဝင်ဘာ ၂၃

2023 Globe Soccer Awards ဆုပေးပွဲတွင် ပေးအပ်ချီးမြှင့်မည့် Best Men’s Player ဆုအတွက် ဆန်ခါတင် ကစားသမားစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ မန်စီးတီးအသင်း ကစားသမားအများစု ပါဝင်လာကြောင်း သိရသည်။

2023 Globe Soccer Awards ဆုပေးပွဲအခမ်းအနားကို ၂၀၁၀ ပြည့်နှစ်က စတင် ကျင်းပခဲ့သော်လည်း Best Men’s Player ဆုကို ၂၀၁၁ ခုနှစ်မှသာ ထည့်သွင်းပေးအပ် ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ် ပေးအပ်သည့်ဆုကို စီရော်နယ်ဒိုက ဆွတ်ခူးနိုင်ခဲ့သည်။

အဆိုပါဆုပေးပွဲ စတင်ကျင်းပသည့် နှစ်က ဆုနှစ်ခုသာ ပေးအပ်ခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ဆုအရေအတွက် တိုးမြှင့်ခဲ့ပြီး နောက်ဆုံးကျင်းပသည့် ၂၀၂၂ ခုနှစ်တွင် Best Men’s Player ဆုအပါအဝင် ဆုအမျိုးအစား ၁၇ ခုအထိ ပေးအပ်ချီးမြှင့်ခဲ့သည်။

Best Men’s Player ဆုအတွက် ဆန်ခါတင်ကစား သမားစာရင်းတွင် မန်စီးတီးအသင်းမှ အယ်ဗာရက်ဇ်၊ ဒီဘရိုင်း၊ ဒီယက်ဇ်၊ အီဒါဆန်၊ ဖိုဒန်၊ ဂရီးလစ်ချ်၊ ဘာနာဒိုဆေးလ်ဗား၊ ရိုဒရီ၊ ဟာလန်း၊ အင်တာမီလန် အသင်းမှ ဘာရယ်လာ၊ မာတီနက်ဇ်၊ ရီးယဲလ်မက်ဒရစ် အသင်းမှ ဘယ်လင်ဟမ်၊ မိုဒရစ်၊ ဗင်နီစီးယက်စ်၊ အယ်အီတီဟက် အသင်းမှ ဘင်ဇီမာ၊ ဆီဗီလာအသင်း မှ ဘိုနူ၊ အက်သလက်တီကို အသင်းမှ ဂရစ်မန်း၊ ဘာစီလိုနာအသင်းမှ ဂန်ဒိုဂမ်၊ လီဝန်ဒေါစကီး၊ ဘိုင်ယန်မြူး နစ်အသင်းမှ ဟယ်ရီကိန်း၊ ကင်မစ်ဂျေး၊ နာပိုလီ အသင်းမှ ခါဗီချာ၊ အိုဆီမန်၊ ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီ၊ အင်တာမိုင်ယာမီ အသင်းမှ မက်ဆီ၊ အာဆင်နယ်အသင်းမှ အိုဒီဂက်စ်၊ ဆာကာ၊ မန်ယူအသင်းမှ အိုနာနာ၊ အယ်နာဆာအသင်းမှ စီရော်နယ်ဒိုနှင့် လီဗာပူးအသင်းမှ ဆာလက်ချ်တို့ ပါဝင်လာသည်။

2023 Globe Soccer Awards ဆုပေးပွဲ အခမ်းအနားကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။