နွားထိုးကြီး-မလှိုင်သွားကားလမ်းတွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာများဖြင့် လဲကျသေဆုံးနေ


နိုဝင်ဘာ ၂၂

ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မကျီးကန်ကျေးရွာအနီး၊ နွားထိုးကြီး-မလှိုင်သွားကားလမ်းတွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သိရှိရပါသည်။ သက်ဆိုင်ရာ လုံခြုံ​ရေးတာဝန်ရှိသူများမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဖိုးဇော်၊ ၃၇ နှစ်၊ (ဘ)ဦးဘိုမောင်၊ တက်စည်ကျေးရွာ၊ နွားထိုးကြီးမြို့နယ် နေသူဖြစ်ပြီး ဦးခေါင်းပွင့်ထွက် ဒဏ်ရာ ၁ ချက်၊ ကျောပြင် ဝဲဘက်ခြမ်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ဂျိုင်းအောက် ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် မှောက်လျက် လဲကျသေဆုံး နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သတင်းရှိရပါသည်။

ဖြစ်စဥ်တွင် သေဆုံးသူ ဖိုးဇော်သည် နွားထိုးကြီးမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဦးတင်ဝမ်း မောင်းနှင်သော 1E/4982 နံပါတ်ပါ TOYOTA RATIC အမျိုးအစား၊ ခဲမဲရောင်ယာဥ်ဖြင့် ဒေါ်ဝင်းရွှေ၊ ဒေါ်ဝင်းဌေး၊ မဗျားတို့နှင့်အတူ နွားထိုးကြီးမြို့ မကျီးကန် ကျေးရွာမှ ဦးပြောင်ကြီး၏သားဖြစ်သူ ကျော်သူ၏ မင်္ဂလာဆောင်သို့ သွားရောက်စဥ် အခင်းဖြစ်နေရာအရောက်၌ အမည် မသိ၊ အမျိုးသား ၂ ဦးက ဆိုင်ကယ် ၁ စီးဖြင့် ကားရှေ့မှရပ်တန့် တားဆီးကာ ဖိုးဇော်ဆိုတာ ဘယ်သူလဲဟု မေးရာ ဖိုးဇော်မှ ကျွန်တော်ပါဟု ပြောသဖြင့် ဖိုးဇော်အား ကားပေါ်မှဆင်းခိုင်းကာ ကျန်သူများကို ကားအားဆက်မောင်းခိုင်းခဲ့ပြီး ဖိုးဇော်အား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း၊ သေဆုံးသူ ဖိုးဇော်မှာ NLD အမာခံတစ်ဦးဖြစ်ပြီး ဂျင်လောင်းကစားဒိုင်တစ်ဦးဖြစ်ကြောင်း၊အကြမ်းဖက်သမားများအား ထောက်ပံ့နေသူတစ်ဦးလည်းဖြစ်ပြီး အချင်းချင်း သတ်ဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။

PAN