အပစ်အခတ်ရပ်စဲရေးက ပဋိပက္ခကို အပြည့်အဝထိန်းချုပ်ထားသည့် အမေရိကန်အပေါ်သာ မူ တည်ဟု ဟားမတ်စ်အဖွဲ့ ပြော

နိုဝင်ဘာ ၁၀

      ဂါဇာ၌ အပစ်အခတ်ရပ်စဲရေးက အစ္စရေး-ပါလက်စတိုင်းပဋိပက္ခကို အပြည့်အဝ ထိန်းချုပ်ထားသည့် အမေရိကန်အပေါ်သာ မူတည်နေကြောင်း ဟားမတ်စ်အဖွဲ့က ပြောသည်။ ဟားမတ်စ်အဖွဲ့မှ နိုင်ငံရေးဗျူရို အဖွဲ့ဝင် မူဆာအဘူမားဇိုးက အပစ်အခတ်ရပ်စဲရေးက အမေရိကန်အပေါ်မှာသာ မူတည်နေပြီး အမေရိကန်သည် အစ္စရေးရဲ့ ပင်မဒေါက်တိုင်ဖြစ်သလို အမေရိကန်၏ ဒရုန်းများကလည်း ဂါဇာကောင်းကင်ပြင်ပေါ်တွင် ပျံ သန်းနေ ကြကြောင်း၊ စစ်သင်္ဘောများကလည်း ပါလက်စတိုင်းကမ်းရိုးတန်းတွင် ရှိနေကြောင်း အမေရိကန်တို့က အစ္စရေး ကို ငွေအား၊ လက်နက်အင်အား ထောက်ပံ့ပေးထားတဲ့အပြင် နိုင်ငံရေးအရလည်း ကာကွယ်ပေးထားကြောင်း တူကီယဲသတင်းစာတစ်စောင်နှင့် တွေ့ဆုံမေးမြန်းစဉ် နိုဝင်ဘာလ ၉ ရက်က ပြောခဲ့သည်။

       ထို့ပြင် ဒေသတွင်းရှိနိုင်ငံများကလည်း အစ္စရေးကို ကယ်တင်ဖို့အတွက် အတင်းအကျပ်ဖိအားပေးခံထား ရကြောင်း၊ ထို့ကြောင့် အပစ်အခတ်ရပ်စဲရေးသည် အမေရိကန်အပေါ်တွင်သာ မူတည်နေခြင်းဖြစ်ကြောင်း၊ အမေရိကန်သာ အပစ်အခတ်ရပ်စဲရေးကို လိုချင်ပါက ယခုချက် ချင်း ရရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

       အစ္စလာမ်မစ်နိုင်ငံများအနေဖြင့် လက်ရှိပဋိပက္ခတွင် လက်တွေ့ကျကျပါဝင်ရန် ဟားမတ်စ်အဖွဲ့က မျှော်လင့်ထား ပြီး အစ္စရေးကို ရေနံတင်ပို့မှု ဖြတ်တောက်သင့်သော်လည်း အမေရိကန်က ဒေသတွင်းနိုင်ငံများအနေဖြင့်  အစ္စရေး အပေါ် ပိတ်ဆို့မှုများမလုပ်နိုင်စေရန် ဖိအားပေးထားကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

       အလားတူ အစ္စလာမ်မစ် နိုင်ငံများအနေဖြင့် ထုတ်ပြန်ချက်နှင့် ဝေဖန်ရှုတ်ချမှုများ မရပ်တန့်သင့်ကြောင်း နှင့် အပစ်အခတ်ရပ်စဲရေးအတွက် ခြေလှမ်းများအဖြစ် ပါဝင်နိုင်ကြောင်း ၎င်းက ပြောထားသည်ဟု Sputnik သတင်းဌာန ဖော်ပြချက်အရ သိရသည်။

#PAN