စစ်တွေမြို့နယ်က ကိုယ်ဝန်ဆောင် မိခင်တစ်ဦးနဲ့ သမီးငယ် တစ်ဦးတို့ ရက်စက်စွာ သတ်ဖြတ်ခံရ

စက်တင်ဘာ ၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ ကိုယ်ဝန် ၅ လရှိပြီဖြစ်တဲ့ မိခင်တစ်ဦးနဲ့ သမီးငယ်တစ်ဦးတို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က ရက်စက်စွာ သတ်ဖြတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

သေဆုံးသူတွေမှာ စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာက အသက် ၂၈ နှစ်အရွယ်ရှိ ကိုယ်ဝန် ၅ လလွယ်ထားရတဲ့ ဒေါ်ခင်သန်းဦးနဲ့ သမီးဖြစ်သူ အသက် ၅ နှစ်အရွယ် မနွယ်နီလင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

သတ်ဖြတ်မှုဖြစ်စဉ်ဖြစ်ပွားတဲ့နေ့ မနက် ၃ နာရီကျော်လောက်က အိမ်ထောင်ဦးစီးဖြစ်သူ ကိုကျော်သက်ချေမှာ ငါးဖမ်း ပိုက်ကို သွားဖော်ပြီး ဇနီးဖြစ်သူကို အိပ်ရာကနှိုးကာ ငါးတွေကို အကြီးအငယ်အရွယ်အစားကို ရွေးထားခိုင်းခဲ့ကြောင်း၊ နောက်ထပ် ကဏန်းဖမ်းထားတာကို ဖော်ဖို့သွားခဲ့ပြီး ဇနီးဖြစ်သူကို ငါးခြင်းတောင်းနဲ့အတူ ထားခဲ့ကြောင်း၊ အဲဒီအချိန်မှာ သမီးဖြစ်သူက အိပ်နေကြောင်း၊ ကဏန်းသွားဖော်လို့ တဲကိုပြန်လာတဲ့အချိန် မနက် ၄ နာရီမှာငါးခြင်းတောင်းကိုသာ လက်ရာမပျက်တွေ့ရပြီး ဇနီးနဲ့ သမီးဖြစ်သူက မရှိတော့ကြောင်း၊ အပေါ့ အလေးသွားတယ်ထင်ပြီး မိနစ် ၂၀ လောက် စောင့်လိုက်ပေမယ့် ပေါ်မလာကြောင်း၊ အဲဒီနောက် ရွာဘက်က မိသားစုတွေဆီ ဖုန်းလှမ်းဆက်ပြီး သူတို့များ လာသလားလို့ မေးခဲ့ပေမယ့် မလာဘူးလို့ ပြောပြီးနောက်မှ ပျောက်နေတာကို သိရကြောင်း ကိုကျော်သက်ချေက သူ့မိသားစု ပျောက်ဆုံးပုံအကြောင်းကို မီဒီယာတွေမှာ ဖြေကြားထားပါတယ်။

အဲဒီနောက် အောင်တိုင်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်‌တွေ၊ အောင်တိုင် ကျေးရွာဒေသခံတွေနဲ့အတူ တစ်မနက်လုံး ရှာဖွေခဲ့ပေမယ့် မတွေ့ရကြောင်း၊ ညနေ ၄ နာရီခန့်မှာ အောင်တိုင်ချောင်းဝထိပ်မှာ မိခင်ဖြစ်သူရဲ့ အလောင်းကို တွေ့ခဲ့ရပြီး သမီးဖြစ်သူရဲ့ အလောင်းကိုတော့ နောက်တစ်နေ့ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းမှာ သူတို့နေတဲ့ တဲနဲ့သိပ်မဝေးတဲ့ ချောင်းကြောင်းငယ်တစ်ခုရဲ့ ကမ်းစပ်မှာ သေဆုံးလျှက် တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

မိခင်ဖြစ်သူမှာ မျက်လုံးနှစ်ဖက်နဲ့ အောက်နှုတ်ခမ်းမှာ ဒဏ်ရာတွေ တွေ့ ရှိရပြီး သမီးဖြစ်သူမှာတော့ ညာဘက် မျက်လုံး ဖောက်ထုတ်ခံထားရပြီး ဘယ်ဖက် မျက်လုံးက ပြူးထွက်နေတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။

အလောင်းတွေကို ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အရေးပေါ်ကားနဲ့ စစ်တွေပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ခဲ့ပြီး
အောက်တိုဘာလ ၂၉ ရက်နေ့မှာပဲ သင်္ဂြိုဟ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီလူသတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျေးရွာသားတွေဟာ အမှုမှန်ပေါ်ပေါက်ရေး လိုချင်နေကြပြီး လူသတ်တရားခံကိုလည်း အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးအရေးယူဖို့ လိုလားနေကြပါတယ်။

PAN