ခရစ္စတယ်ပဲလေ့စ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်အနိုင်ရပြီးအမှတ်ပေးဇယားထိပ်ဆုံး၌ စပါး အသင်း ဆက်လက်ရပ်တည်လျက်ရှိ

အောက်တိုဘာ ၂၉

        ပရီမီယာလိဂ်ပွဲစဉ်(၁၀)ရဲ့ အစောဆုံးပွဲစဉ်အဖြစ် အောက်တိုဘာ ၂၇ ရက် ညပိုင်းက ယှဉ် ပြိုင်ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်မှာ စပါးအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်ခွင့်ရရှိခဲ့ပါတယ်။

      စပါးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ် (၁၀)ပွဲ ကစားပြီးချိန်မှာ ရှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ ရှုံးပွဲမရှိစံချိန်နဲ့အတူ ရမှတ် ၂၆ မှတ်ရရှိထားတာဖြစ်ပါတယ်။ အခုပွဲစဉ်မှာ စပါးအသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဆွန် ဟောင်မင်ဟာ အခုရာသီမှာ သွင်းဂိုး ရှစ်ဂိုးရှိလာခဲ့ပြီဖြစ်ပါတယ်။

        စပါးအသင်းဟာ အမှတ်ပေးဇယားဒုတိယနေရာက မန်စီးတီးအသင်းနဲ့ တတိယနေရာက အာဆင်နယ်အသင်းတို့ ပွဲစဉ်(၁၀)မယှဉ်ပြိုင်မီ ငါးမှတ်အသာနဲ့ ဇယားထိပ်မှာ ဦးဆောင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

       ပရီမီယာလိဂ်ပွဲစဉ်(၁၀)ရဲ့ အောက်တိုဘာ ၂၈ ရက်ညပိုင်း အစောဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ဘရန်းဖို့ဒ်အသင်းတို့ပွဲစဉ်မှာတော့ ပထမပိုင်းပွဲကစားချိန်အတွင်း ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲကစားချိန် ၅၈ မိနစ်မှာ ပင်နော့ရဲ့သွင်းဂိုးနဲ့ သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၆ မိနစ်မှာ သွင်းယူခဲ့တဲ့ အမ်ဘူမိုရဲ့ သွင်းဂိုးတွေ ရရှိခဲ့လို့ ဘရန်းဖို့ဒ်အသင်းက ချယ်လ်ဆီး အသင်းကို နှစ်ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

      ချယ်လ်ဆီးအသင်းဟာ ဘရန်းဖို့ဒ်အသင်းကို ရှုံး နိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ် (၁၀) ပွဲကစားပြီးချိန်မှာ ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး ဘရန်းဖို့ဒ်အသင်းကတော့ ချယ်လ်ဆီးအသင်းကို အနိုင်ရရှိခဲ့လို့ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

#PAN