ကိုရီးယားဘာသာ အရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲအောင်မြင်ပြီးသူများ လာမယ့်နိုဝင်ဘာလတွင် အလုပ်လျှောက်လွှာများ စတင်တင်သွင်းနိုင်မည်

အောက်တိုဘာ ၂၈

    ကိုရီးယားဘာသာ အရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ(Special EPS-TOPIK) ဖြေဆိုအောင်မြင်ပြီးသူများ လာမည့် နိုဝင်ဘာလမှစ၍ အလုပ်လျှောက်လွှာများ တင်သွင်းထားနိုင်ပြီဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ POEA ကနေ သိရပါသည်။

        လာမည့် နိုဝင်ဘာလ ဒုတိယရက်သတ္တပတ်မှ စတင်၍ အလုပ်လျှောက်လွှာတင်သွင်းနိုင်ကြောင်း အောက်တိုဘာလ ၂၅ ရက်က POEA မှ အသိပေးကြေငြာခဲ့ရာ  အောက်တိုဘာလ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကိုရီးယားဘာသာ အရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ (Special EPS-TOPIK) အောင် မြင်ပြီး ကျန်းမာရေး စစ်ဆေးမှု အောင်မြင်သူများကို ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ အစိုးရပြည်ပ အလုပ် အကိုင်အေဂျင်စီတွင် အလုပ်အကိုင် ကိစ္စနှင့် ပတ်သက်ပြီး နိုဝင်ဘာလ၌ ဆောင်ရွက်ပေးမည်ဟု ဆိုသည်။

       အလုပ်လျှောက်လွှာများကို အချိန်မီ တင်သွင်း နိုင်ရေး ကျန်းမာရေးအထူးဂရုပြုကြရန် အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ POEA က ကြိုတင်အသိပေးထားသည်။

         ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့သည့် ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ(Special EPS-Topik)တွင် ဝင်ရောက်ဖြေဆိုခွင့်လျှောက်ထားသူ ၁,၆၉၇ ဦးရှိသည့်အနက် ဖြေဆိုအောင်မြင်သူ ၁,၄၉၅ ဦးရှိကြောင်း အောက်တိုဘာလ ၁၆ ရက်တွင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ က ထုတ်ပြန်ထားပြီး ၎င်းစာမေးပွဲကို တောင်ကိုရီးယားနိုင်ငံတွင် သုံးနှစ်နဲ့အထက်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပြန်လည်ရောက်ရှိနေသည့် အလုပ်သမားဟောင်းများအတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း သိရပါသည်။

#PAN