အောက်တိုဘာ ၁၆
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ နွယ်ရစ်အုပ်စု၊ ဂူဝလျှို၊ ရန်-မန်းလမ်းဟောင်း မိုင်တိုင် အမှတ် ၂၄၅ အနီး ကားလမ်းအရှေ့ဘက်တွင် မြေပြိုကျမှုကြောင့် လူသေဆုံးနေကြောင်း ကိုနိုင်ဦး (၃၆)နှစ်၊ (ဘ)ဦးမောင်ပု၊ ဘတ်ဟိုးမောင်း၊ နွယ်ရစ်ကျေးရွာအုပ်စု၊ ဂူဝကျောက်ကွင်း၊ တပ်ကုန်းမြို့နယ်နေသူမှ အကြောင်းကြားသဖြင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကင်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အဖွဲ့တို့နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဘတ်ဟိုးမောင်းသူ ကိုနိုင်ဦးကို မေးမြန်းရာ အောက်တိုဘာ ၁၄ရက် နံနက် ၆နာရီကျော် အချိန်ခန့်တွင် အရှေ့အနောက်သွယ်တန်းနေသည့် ဂူဝလျှိုတောင် တောင်ခြေရင်းတွင် ၃ x ၂ ပင် သွပ်မိုး၊ ထရံကာ၊ အောက်ခြေအုတ်ပတ်၊ မြေစိုက်တဲ အတွင်း၌ ၎င်း၏ဇနီးဖြစ်သူ မနွေးနွေးအောင် နှင့် သားဖြစ်သူ မောင်ဟန်ထူးစစ် တို့နှစ်ဦး တဲအတွင်း၌ အိပ်ပျော်နေစဉ် ၎င်းသည် မိုးများအဆက် မပြတ်ရွာသဖြင့် ဘတ်ဟိုးဖြင့် ရေမြောင်းများ သွားရောက်ဖောက်နေစဉ် အမြင့်(၁၅)ပေရှိ ဂူဝလျှိုတောင်မှာ မြေပြိုကျရာ တောင်ခြေရင်းရှိ မနွေးနွေးအောင် နှင့် မောင်ဟန်ထူးစစ် တို့နေထိုင်သော တဲပေါ်သို့ပြိုကျခဲ့ကြောင်း သိရသည်။
အဆိုပါမြေပြိုမှု့ကြောင့် မနွေးနွေးအောင် (၃၄)နှစ်၊ ကျည်တောင်ကန်ကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ်နေသူ၌ ဝဲမျက်စိညိုမဲဖုယောင်၊ ဝဲနားရွက်သွေးထွက်၊ နှာခေါင်း သွေးထွက်၊ ရင်ဘတ်ညိုမဲဒဏ်ရာနှင့် သားဖြစ်သူ မောင်ဟန်ထူးစစ် (၁)နှစ်(၈)လ( ဘ)ဦးနိုင်ဦး တွင် ဝဲနားရွက်သွေးထွက်၊ ဦးခေါင်း ယာနောက်စေ့ဖုယောင်၊ နှာခေါင်းညိုမဲ ဒဏ်ရာများရရှိသဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခရီး၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူ မနွေးနွေးအောင် နှင့် မောင်ဟန်ထူးစစ် တို့၏ ရုပ်အလောင်းအား တပ်ကုန်းမြို့နယ် ခုတင်(၁၀၀)ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ၎င်းတို့နှစ်ဦးသေဆုံးရခြင်းမှာ မြေပြိုကျ၍ သေဆုံးရခြင်း ဟုတ်/မဟုတ် သေမှုသေခင်းရေးဖွင့်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
#PAN
please join our “PAN” Telegram