နည်းပြအပြောင်းအလဲ လုပ်ဦးမယ့် နာပိုလီအသင်း

အောက်တိုဘာ ၁၃

       ယခုဘောလုံးရာသီမှာ ရလဒ်ပိုင်းမတည်ငြိမ်မှုတွေ ဖြစ်နေတာကြောင့် နာပိုလီအသင်း ဟာ လာမည့် နိုင်ငံ တကာပွဲစဉ်များ မပြီးဆုံးမီ နည်းပြအပြောင်း အလဲပြုလုပ်ရန် ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။

        နာပိုလီအသင်းဟာ ပြီးခဲ့သည့်ဘောလုံးရာသီက အီတလီစီးရီးအေပြိုင်ပွဲမှာ အသင်းကို ချန်ပီ ယံဆု ဆွတ်ခူးပေး နိုင်ခဲ့တဲ့ နည်းပြစပယ်လက်တီနှင့် ဆက်ဆံရေးမပြေလည်မှုများကြောင့် ရာသီ ကုန်ဆုံးချိန်မှာ လမ်းခွဲခဲ့ပြီးနောက် အယ်နာဆာအသင်း နည်းပြဟောင်း ဂါစီယာ ကို နှစ်နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

         နာပိုလီအသင်းအနေနဲ့ ယခုဘောလုံးရာသီအစပိုင်းမှာ ရလဒ်ပိုင်းမတည်မငြိမ်ဖြစ်နေပြီး အီတလီစီးရီးအေ ပြိုင်ပွဲမှာ ရှစ်ပွဲကစားပြီးချိန်တွင် လေးပွဲသာအနိုင်ရရှိကာ နှစ်ပွဲသရေရလဒ်နှင့် နှစ်ပွဲ ရှုံးနိမ့်ထားခဲ့တဲ့ကြောင့် နာပိုလီ အသင်းဥက္ကဋ္ဌ ဒီလော်ရန်တစ် က နည်းပြအပြောင်းအလဲပြုလုပ်ရန် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

        နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်တစ် က နည်းပြ ဂါစီယာ ရဲ့နည်းစနစ်များကို ကြိုက်နှစ် သက်ခြင်းမရှိသကဲ့သို့ အသင်းမှ အဓိကတိုက်စစ်ကစားသမား တစ်ဦးဖြစ်တဲ့  အိုဆီမန် နှင့် နည်းပြဂါစီယာတို့ ဆက်ဆံရေး မပြေမလည်ဖြစ်နေတဲ့အတွက် နည်းပြ ဂါစီယာနှင့်စာချုပ်ဖျက်သိမ်းရန် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

       ယခုရက်သတ္တပတ်အတွင်း ယူရို ၂၀၂၄ ပြိုင် ပွဲ ခြေစစ်ပွဲစဉ်များကြောင့် လိဂ်ပြိုင်ပွဲများကို ရပ်နားထားမှာ ဖြစ်တဲ့အတွက် နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်တစ်က အဆိုပါပွဲစဉ်ကာလအတွင်း နည်းပြအပြောင်း အလဲပြုလုပ်ရန် ပြင် ဆင်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

#PAN