စက်တင်ဘာ ၂၈
နိုင်ငံရပ်ခြားမှ ဆေးဝါးနှင့် ဆေးပစ္စည်းများကို ပင်လယ်ရေကြောင်းကုန်သွယ်မှ ပြီးခဲ့သည့် ၁ လတာကာလအတွင်း တန်ချိန် ၂,၀၀၀ ကျော် တင်သွင်းလာပြီး ယခင်လများထက် ပိုမိုတင်သွင်းခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းတွင် ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၃၈ ဒသမ၂၀၁ သန်း တန် ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းများကို တန်ချိန် ၂,၀၀၀ ကျော်တင်သွင်းခဲ့ပြီး ယခင်ဇူလိုင်လက ထက် တန်ချိန် ၁,၀၀၀ ကျော် ပိုမိုတင်သွင်းလာသည်ဟု ဆိုပါသည်။
ယခု စက်တင်ဘာလတွင် ဆေးနှင့် ဆေးပစ္စည်းများ ထပ်မံတင်သွင်းမှုရှိနေပြီး စက်တင် ဘာလအကုန်မှသာ တင်သွင်းမှုတန်ဖိုးနှင့် ဆေးဝါးတန်ချိန်တင်သွင်းမှုများကို သက်ဆိုင်ရာဌာနက စာရင်းထုတ်ပြန်မှာဖြစ်ပါသည်။ ယခုတစ်ပတ်အတွင်း၌ ဆေးနှင့် ဆေးပစ္စည်းများကို အာဂျင်တီးနား၊ဘယ်ဂျီယံ၊ဆွတ်ဇာလန်၊ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ဘရာဇီး ၊ တရုတ် ၊ ဆိုက်ပရက် ၊အီကွေဒေါ ၊ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား ၊အိုင်ယာလန် ၊အီတလီ ၊ဂျပန်၊ တောင်ကိုရီးယား ၊မလေးရှား ၊နယ်သာလန် ၊ပါကစ္စတန်၊ စပိန် ၊ဖိလစ်ပိုင်၊ စင်္ကာပူ၊ ပေါ်တူဂီ၊ ထိုင်း ၊ အမေရိကန် ပြည်ထောင်စုနှင့်ဗီယက်နမ် နိုင်ငံများမှ တင်သွင်းမှုများရှိနေကြောင်း သိရပါသည်။
မြန်မာနိုင်ငံအတွင်းတွင် ပြည်တွင်းထုတ်ဆေးဝါးများထက် နိုင်ငံခြားဆေးဝါးများက ဈေးအပြောင်း အလဲ များပြားပြီး ဒေါ်လာဈေးအတက် အကျအပေါ်မှုတည်ကာ ဈေးနှုန်းအတက်အကျ မကြာခဏရှိတတ်ကြောင်း သိရပါသည်။