မြစ်ကြီးနား-ဆင်ဘို အမြန်ရေယာဉ်ပေါ်က ခရီးသွား‌ပြည်သူ ခုနစ်ဦးကို KIA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်

စက်တင်ဘာ ၁၉

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့မှ ဆင်ဘိုမြို့သို့ အမြန်ရေယာဉ် စက်လှေ ဖြင့် ခရီးသွားသည့် ပြည်သူ ၇ ဦးကို KIA တပ်ရင်း (၁၁) မှ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

KIA တပ်ရင်း (၁၁) လက်အောက် အဖွဲ့သည် ယမန်နေ့က မြစ်ကြီးနား – ဆင်ဘို ပြေးဆွဲနေသည့် အမြန်ရေယာဉ် စက်လှေပေါ်မှ ခရီးသွားပြည်သူ ၇ ဦးကို အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ခရီးသွား ပြည်သူတစ်ဦးထံမှသိရှိရပါသည်။

ရေကြည် ဖလော ကျေးရွာအဝင် စက်လှေဆိပ်တွင် အဖမ်းခံရ‌ကြောင်း ၊ ရေးလမ်းခရီး စက်လှေ အစုန်အဆန် ထွက်တဲ့ ယာဉ်တွေပေါ်ကနေဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၊အမျိုးသမီး ၅ ဦး ၊ အမျိုးသား ၂ ဦး ယမန်နေ့က တစ်ရက်ထဲ အဖမ်းခံရတာဖြစ်ကြောင်း သိရှိ
ပါသည်။

အသက်၂၀ ဆယ်ကျော် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၅ ဦးကို KIA ရင်း (၁၁) အဖွဲ့က မှတ်ပုံတင် စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ၊ ယင်းစက်လှေပေါ်တွင် ဆင်ဘိုမှ မြစ်ကြီးနားသို့ တရားခံလာပို့သည့် အရပ်ဝတ် နှင့် ရဲများ ပါရှိခဲ့သော်လည်း အဆိုပါရဲများကိုမူ ဖမ်းဆီးသွားခြင်း မရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသူ လူငယ်များသည် ဆင်ဘို၊ မြစ်ကြီးနာ၊ တာလောကြီး၊ ဟိုကပ် စသည့်ဒေသများက ဖြစ်ပြီး လက်ရှိအချိန်တွင် ဖမ်းဆီးခံရသည့် လူငယ်များ နှင့် မိသားစုများမှာ အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

KIA လက်နက်ကိုင် အဖွဲ့သည် တပ်မတော်နှင့် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားလာချိန်တွင် ကချင်ပြည်နယ်အတွင်းက အပြစ်မဲ့ ခရီးသွားပြည်သူများကို ဦးတည်၍ လူသစ်ဆွဲခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ၊ ငွေဖြင့် ပြန်လည်ရွေးခိုင်းခြင်းများကို ယခုနှစ်အတွင်း အကြိမ်ကြိမ်ပြုလုပ်နေကြောင်း သိရသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက တားဆီးခြင်း၊ ထိရောက်သည့် အရေးယူခြင်များ ဆောင်ရွက်ပေးရန် ပြည်နယ်အတွင်းက ဒေသခံများက လိုလားနေကြကြောင်းသိရှိရပါသည်။