



(ပြည်တွင်း) မတ် ၁၆
စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကို အခွင့်ကောင်းယူပြီး ငှားရမ်းခ တိုးမြှင့်တောင်းခံသည့် CNG Taxi များကို CNG အသုံးပြုခွင့်စာရင်းမှ ပယ်ဖျက်ကာ အခြားမော်တော်ယာဉ်များကို အစားထိုးခွင့်ပြုသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားကြေငြာထားကြောင်း သိရသည်။
မတ်လ ၁၅ ရက်နေ့တွင်ကျင်းပသည့် အစည်းအဝေးအတွင်း စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ယင်းကိစ္စနှင့်ပတ်သက်၍ ပြောကြားခဲ့ပြီး နိုင်ငံတော်မှ ပေးအပ်ထားသည့် အခွင့်အရေးများကို ပြည်သူများအကျိုးအတွက် အသုံးချနိုင်ရန် သက်ဆိုင်ရာ ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်းများက ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း သိရသည်။
လက်ရှိတွင် YBS နှင့် Taxi ယာဉ်များအတွက် CNG တစ်ကီလိုဂရမ်ကို ကျပ် ၂၇၃ ဒသမ ၂၅ နှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစတင်၍ ရောင်းချပေးလျက်ရှိပြီး ယင်းဈေးနှုန်းမှာ နိုင်ငံတကာဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် သက်သာနေကြောင်း သိရသည်။
CNG Taxi ငှားရမ်းသူများအနေဖြင့် မတရားငှားရမ်းခတိုးမြှင့်တောင်းခံခြင်းများ ကြုံတွေ့ပါက ညွှန်ကြားရေးမှူး (CNG) ဖုန်းနံပါတ် ၀၉-၇၉၄၁၁၅၄၁၀ နှင့် ၀၉-၂၆၂၄၆၇၀၇၇ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
မကြာမီကာလအတွင်း CNG အသုံးပြုသည့် မော်တော်ယာဉ်များတွင် Metering စနစ်များ တပ်ဆင်ခြင်းနှင့် နည်းပညာအသုံးပြု၍ စီမံထိန်းချုပ် ဖြန့်ဖြူးနိုင်ရေးတို့ကို ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်းလည်း စွမ်းအင်ဝန်ကြီးက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် စက်သုံးဆီသုံးစွဲမှု ချွေတာရေး၊ အရန်စက်သုံးဆီ သိုလှောင်ပမာဏ တိုးမြှင့်ရေး၊ စက်သုံးဆီတင်သွင်းရေး အရန်လမ်းကြောင်းများ ရှာဖွေရေးနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆောင်ရွက်နေကြောင်း သိရသည်။