ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ရေးအတွက် စစ်သင်္ဘောများစေလွှတ်ရန် ကမ္ဘာ့နိုင်ငံများကို ထရမ့် ပြော

(နိုင်ငံတကာ) မတ် ၁၆

ပါရှန်ပင်လယ်ကွေ့ဒေသအတွင်းရှိ အရေးပါသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ရေလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတကာမှ စစ်သင်္ဘောများ စေလွှတ်ကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၄ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။

သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားရာတွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း၍ ရေနံတင်သွင်းနေသော နိုင်ငံများအနေဖြင့် အဆိုပါ ရေလမ်းကြောင်း လုံခြုံရေးကို ကိုယ်တိုင် ပါဝင်စောင့်ရှောက်သင့်ကြောင်း ဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့်လည်း စစ်သင်္ဘောများ စေလွှတ်မည့် နိုင်ငံများနှင့် နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ယခုကဲ့သို့ စစ်သင်္ဘောများ စေလွှတ်မည့် နိုင်ငံများထဲတွင် တရုတ်၊ ဂျပန်၊ ပြင်သစ်၊ ဗြိတိန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ပါဝင်လာမည်ဟု မျှော်လင့်ကြောင်း သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။ လက်ရှိဖြစ်ပွားနေသော အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုဖြစ်ပွားကာ ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ စံချိန်တင် မြင့်တက်နေချိန်တွင် ယခုကဲ့သို့ တိုက်တွန်းချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သမ္မတ၏ တိုက်တွန်းချက်အပေါ် မည်သည့်နိုင်ငံများက စစ်သင်္ဘောစေလွှတ်ရန် သဘောတူညီသည်ကိုမူ အိမ်ဖြူတော်ဘက်မှ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

တစ်ဖက်တွင်လည်း အီရန်ဘက်မှ ဒုံးကျည်လှိုင်းများဖြင့် ဆက်တိုက် တိုက်ခိုက်နေပြီး အမေရိကန် အထူးတပ်ဖွဲ့များအနေဖြင့် အီရန်၏ နျူကလီးယားစခန်းများသို့ ဝင်ရောက်စီးနင်းရန် ပြင်ဆင်နေသည်ဟူသော သတင်းများကြောင့် ဒေသတွင်း တင်းမာမှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။