
(နိုင်ငံတကာ) မတ် ၄
ထိုင်းအစိုးရက ကုန်ဈေးနှုန်းတွေကို အဆမတန်တိုးမြှင့်ရင် ထောင် ၇ နှစ်နှင့် ဒဏ်ငွေ ဘတ် ၁၄၀,၀၀၀ အထိ အရေးယူမည်ဟု ပြောကြားထားကြောင်း သိရသည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် မသေချာမရေရာမှုများကို အခွင့်ကောင်းယူပြီး ကုန်ဈေးနှုန်းများကို အကြောင်းမဲ့ မမြှင့်တင်ရန် စီးပွားရေးလုပ်ငန်းရှင်များအား ထိုင်းအစိုးရမှ သတိပေးထားကြောင်း သိရသည်။
အစိုးရ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ အိုင်ရင် ဖန်သုရစ်က ဒီနေ့ မတ်လ ၄ ရက်နေ့တွင်ယင်းစစ်ပွဲဖြစ်ပွားနေသည့် ဒေသမှ အခြေအနေများကို အနီးကပ် စောင့်ကြည့်နေပြီး ဖြစ်လာနိုင်သည့် သက်ရောက်မှုများကို တုံ့ပြန်ရန်သက်ဆိုင်ရာ အေဂျင်စီများအားလုံးကို ညွှန်ကြားထားကြောင်း သိရသည်။
လက်လီအရောင်းဆိုင်များနှင့် လုပ်ငန်းရှင်များအနေဖြင့် အခြေအနေကို အခွင့်ကောင်းမယူရန်နှင့် စားသုံးသူများကို ခေါင်းပုံဖြတ်သည့် ဈေးတင်ခြင်း ကုန်ပစ္စည်း သိုလှောင်ခြင်းများကို တားမြစ်ထားသည့် ကုန်စည်နှင့် ဝန်ဆောင်မှု ဈေးနှုန်းများဆိုင်ရာ အက်ဥပဒေကို တိတိကျကျ လိုက်နာရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဥပဒေအရ ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ ဈေးတင်ရင် အများဆုံး ထောင်ဒဏ် ၇ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၁၄၀,၀၀၀ အထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းကုန်သွယ်ရေး ဦးစီးဌာနရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ စားသုံးသူသုံး ကုန်ပစ္စည်းတွေ လုံလောက်မှုရှိနေပြီး ဈေးတင်စရာ အကြောင်းအရင်း မရှိဘူးလို့ အိုင်ရင်က ပြောကြားကြောင်း သိရသည်။
ပြည်သူတွေအနေနှင့်စိုးရိမ်ထိတ်လန့်ပြီး ကုန်ပစ္စည်းများအား အလုအယက် ဝယ်ယူစုဆောင်းခြင်း မလုပ်ကြရန် ထပ်လောင်းပြောကြားထားပြီး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနှင့် မျှတသည့် လူနေမှုစရိတ် ဖြစ်စေရေးအတွက် စားသုံးသူတွေကို ခေါင်းပုံဖြတ်သူများကို ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု လည်း ပြောဆိုထားသည်။
အရှေ့အလယ်ပိုင်း အခြေအနေကြောင့် ကမ္ဘာ့ရေနံဈေးကွက်မှာ ဈေးနှုန်းတွေ မြင့်တက်နေသည့်အတွက် နိုင်ငံတော် ရေနံရန်ပုံငွေကို အသုံးပြုပြီး ဒီဇယ်နဲ့ ဓာတ်ဆီ ဈေးနှုန်းတွေကို ၁၅ ရက်ကြာ ဆက်လက် ထိန်းသိမ်းထားမည်ဟုထိုင်း စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားကြောင်း သိရသည်။