ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကြေညာစာတမ်းကို မီးမောင်းထိုး.ထုတ်ပြန်

(ပြည်တွင်း) နိုဝင်ဘာ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက သူတို့ရဲ့ရွေးကောက်ပွဲကြေညာစာတမ်းကို မနေ့ညပိုင်းက ထုတ်ပြန်ပါတယ်။

စာမျက်နှာပေါင်း ၃၅ မျက်နှာပါရှိတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ၂၀၂၅ ခုနှစ်အ​ထွေထွေရွေးကောက်ပွဲကြေညာစာတမ်းမှာ အချက်တစ်ချို့ကို Highlights (မီးမောင်းထိုးပြ) ဖော်ပြထားပါတယ်။

တောင်သူလယ်သမားနှင့် လယ်ယာ၊ သားငါး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဥ်အောက်က မွေးမြူရေးကဏ္ဍမှာ ကြက်၊ ဝက်၊ ဆိတ်အပါအဝင် တစ်ပိုင်တစ်နိုင် မွေးမြူသူတွေကို လိုအပ်တဲ့အရင်းအနှီးတွေအတွက် သက်သာသော အတိုးနှုန်းနဲ့ နှစ်ချင်းဆပ် ချေးငွေရရှိရေးဆောင်ရွက်ပေးမယ့်အပြင်စိုက်ပျိုးရေးကဏ္ဍမှာ စပါး၊ ပဲ၊ နေကြာ၊ ဆီထွက်သီးနှံစိုက်ပျိုးသူတွေကို လိုအပ်တဲ့အရင်းအနှီးတွေကို သက်သာတဲ့အတိုးနှုန်းနဲ့ နှစ်ချင်းဆပ်ချေးငွေရရှိရေးဆောင်ရွက်ပေးမယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် စက်မှုသီးနှံကဏ္ဍမှာတော့ ရာဘာ၊ ဝါ၊ ဝါးစိုက်ပျိုးမှုတွေနဲ့ပတ်သက်ပြီး လိုအပ်တဲ့ ချေးငွေရရှိရေး ဆောင်ရွက်ပေးမယ်လို့လည်း ပြောဆိုထားပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းခေါင်းစဥ်အောက်မှာတော့ ဒေသနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေရရှိရေးအတွက် စက်ရုံအလုပ်ရုံတွေဆောက်လုပ်ဆောင်ရွက်ပေးသွားမယ်လို့အာမခံထားတာတွေ့ရပါတယ်။

ပညာရေးရာကဏ္ဍနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အလိုက် (၅) နှစ်အရွယ်ကျောင်းနေကလေးများစာရင်းကောက်ယူရေးလုပ်ငန်း (School Survey) ယန္တရားတစ်ရပ်ထူထောင်ကာကလေးတိုင်းကို ဒေသဆိုင်ရာအာဏာပိုင်တွေက ကျောင်းအရောက်အပ်နှံရေးဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် Grade(12) မအောင်မြင်တဲ့ ကျောင်းသားတွေကို Vocational Training School(အသက်မွေးမှုသင်တန်းကျောင်း)တွေ ဖွင့်လှစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရေးဆောင်ရွက်ပေးမယ်လို့ ရွေးကောက်ပွဲကြေညာစာတမ်းက ကတိပေးပြောဆို ထုတ်ပြန်ထာယပါတယ်။

#PAN