မိုက်တီး ကျော်ဝင်းထွဋ်နဲ့ အုန်းဒိုင်းတို့ကို ရွေးနှောင့်တားဥပဒေနဲ့အရေးယူ

(မှုခင်း) အောက်တိုဘာ ၂၉

“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းနဲ့ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တွေကို လူမှုကွန်ရက်ကတစ်ဆင့် မဟုတ်မမှန်ဝေဖန်ရေးသားတဲ့ ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နဲ့ ဟာသ သရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့် တို့ကို ဖမ်းဆီးပြီး အရေးယူနေတယ်လို့ သိရပါတယ်။

အဆိုပါ ၃ ဦးကို ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ​တွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့အရေးယူသွားမယ်လို့သိရပါတယ်။

ဖမ်းဆီးရမိထားသူ သုံးဦးအနက် ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်ဟာ ၂၀၂၁ ခုနှစ်မှာ လူမှုကွန်ရက်မီဒီယာကတစ်ဆင့် နိုင်ငံတော်အစိုးရအပေါ် ဝေဖန်ရေးသားခဲ့တာကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်လှစ်အရေးယူခြင်းခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့မှာ နိုင်ငံတော်အစိုးရက “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါဆက်လက်ကျခံပါမည်”ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပြုခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်အား ယခင်လွတ်ငြိမ်းခွင့်ပြုခဲ့တဲ့ ပြစ်ဒဏ်ကိုပြန်လည်ကျခံစေရေး ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

စိစစ်ဖော်ထုတ်ချက်တွေအရ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နဲ့အညီ တပ်မတော်က နိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့အပေါ် ထောက်ခံမှုမရှိခဲ့တဲ့အပြင် ဆူပူဆန္ဒပြပွဲတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြသူတွေဖြသ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မကြာမီကျင်းပဖို့ရှိတဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် ၎င်းတို့တတ်ကျွမ်းတဲ့ အနုပညာကဏ္ဍက ပူးပေါင်းပါဝင်ခြင်းမရှိတဲ့အပြင် တခြားသောအနုပညာရှင်​တွေရဲ့ တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်မှုအပေါ် ဝေဖန်တိုက်ခိုက်ခြင်း၊ ရွေးကောက်ပွဲအပေါ် ပြည်သူလူထုက ယုံကြည်မှု လျော့နည်းလာစေဖို့ရည်ရွယ်ကာ ရေးသားဖြန့်ဝေခြင်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

#PAN