
(ပြည်တွင်း) အောက်တိုဘာ ၂၉
စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၏ အကြိမ် (၃၀) မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာလ ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့) တွင် စေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးခုနစ်ပါးအား ပင့်ဆောင်ကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
အခမ်းအနားကို တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၆ နာရီတွင် ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဝင်များ၊ စေတီတော် ဝန်ထမ်းများနှင့် အလှူရှင်များက ဂန္ဓကုဋိတိုက်အတွင်းရှိ စွယ်တော်မြတ်နှင့် မုဒြာကိုးဆူတို့အား အရုဏ်ဆွမ်းနှင့် သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်း၍ နံနက် ၈ နာရီတွင် ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဝင်များက စေတီတော်၏ ဂန္ဓကုဋိ တိုက်အတွင်းရှိ မုဒြာဘုရားကိုးဆူအား ရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းကြမှာဖြစ်ပါတယ်။
နံနက် ၈ နာရီခွဲတွင် ဩဝါဒါစရိယဆရာတော်ကြီးခုနစ်ပါးက စေတီတော်အား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ကြပြီး ဧည့်ပရိသတ် များ က ရှစ်ပါးသီလခံယူဆောက်တည်ကာ ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း ကြမည် ဖြစ်ပါတယ်။
ဒါ့အပြင် အဖိတ်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့တို့တွင်လည်း ပဋ္ဌာန်းနှင့် ဓမ္မ စကြာတရားတော်များရွတ်ဖတ်ပူဇော်ကြမှာဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် အလှူရှင်များက ဆီမီး ၉,၀၀၀ ဆက်ကပ်လှူဒါန်းပူဇော်ခြင်း အခမ်းအနားများ ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။
#PAN