

(နိုင်ငံတကာ) အောက်တိုဘာ ၂၇
ကင်မရွန်းနိုင်ငံရဲ့ အကြီးဆုံးမြို့ ဒိုအာလာမှာ ရွေးကောက်ပွဲ ရလဒ်တွေ မကြေညာမီ ရဲတပ်ဖွဲ့နဲ့ အတိုက်အခံဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူလေးဦး သေဆုံးခဲ့ရတယ်လို့ ဒိုအာလာမြို့ရဲ့ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။
မကြာသေးမီက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ သမ္မတ ပေါလ်ဘီယာကို ရှုံးနိမ့်ခဲ့တယ်လို့ ပြောကြတဲ့ အတိုက်အခံ ကိုယ်စားလှယ်လောင်း အစ်ချတချီလိုရဲ့ ထောက်ခံသူ လူရာနဲ့ချီ ဟာ တနင်္ဂနွေနေ့က ဒိုအာလာ လမ်းမတွေပေါ်မှာ စုဝေးခဲ့ကြတယ်လိုသိရပါတယ်။
ဆန္ဒပြသူတွေဟာ လမ်းတွေကို ပိတ်ဆို့ကာ တာယာတွေကို မီးရှို့ပြီး ကျောက်တုံးတွေနဲ့ ရဲတွေကို ပစ်ပေါက်ခဲ့သလို ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ တုံ့ပြန်ခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
ဒိုအာလာမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒိုအာလာဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဆမ်မြူရယ်က “ဆန္ဒပြသူတွေဟာ မြို့တော်နဲ့ ခရိုင်ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရခဲ့ပြီး ကံမကောင်းစွာနဲ့ပဲ လူလေးဦး အသက်ဆုံးရှုံးခဲ့ရတယ်”လို့ ပြောဆိုထားပါတယ်။
အောက်တိုဘာလ ၁၂ ရက်ကပြုလုပ်တဲ့ ရွေးကောက်ပွဲရဲ့ တစ်စိတ်တစ်ပိုင်း ရလဒ်တွေ ထွက်ပေါ်ပြီးနောက်မှာ အသက် ၉၂ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ ပေါလ်ဘီယာဟာ ရှစ်ကြိမ်မြောက် အနိုင်ရရှိဖို့ သေချာနေပြီလို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြ နေပေမဲ့ အတိုက်အခံ ကိုယ်စားလှယ်လောင်း အစ်ချတချီလို က ပေါ်လ်ဘီယာရဲ့ 31.3 ရာခိုင်နှုန်းဟာ ကန့်ကွက်မဲတွေဖြစ်ပြီး သူဟာ 54.8 ရာခိုင်နှုန်းနဲ့ အနိုင်ခဲ့တာကြောင့် အစိုးရရဲ့ အတုအယောင်ရလဒ်တွေကိုလက်မခံဘဲ ကန့်ကွက်ကြဖို့ ကင်မရွန်းနိုင်ငံသား တွေကို တောင်းဆိုထားပါတယ်။
ကင်မရွန်းအစိုးရကလည်း အတိုက်အခံတွေရဲ့ မမှန်မကန်စွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး တနင်္လာနေ့မှာ ရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်တဲ့ ရွေးကောက်ပွဲရလဒ်တွေကို စောင့်မျှော်ဖို့ ပြည်သူတွေကို တိုက်တွန်းထားကြောင်း သိရပါတယ်။