ဝယ်လိုအားမြင့်တက်မှုကြောင့် ထောပတ်သီးစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးရန်ပြင်ဆင်

(စီးပွားရေး) အောက်တိုဘာ ၂၇

ပြည်တွင်းဈေးကွက်နှင့် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် ထောပတ်သီးစိုက်ဧကများ တိုးချဲ့သွားရန် အစီအစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO)မှ သိရပါတယ်။

ပြီးခဲ့တဲ့ ထောပတ်သီးရာသီမှာ အရည်အသွေးမြင့် Hass အမျိုးအစား ထောပတ်သီးတန်ချိန် ၃,၀၀၀ ခန့်အထိ အထွက်နှုန်းကောင်းမွန်ခဲ့ပြီး ယခုနှစ် ထောပတ်သီးရာသီ၌လည်း အထွက်နှုန်းမြင့်မားနိုင်မယ်လို့ ခန့်မှန်းထားရှိ ပါတယ်။

ယခုနှစ်တွင် ပြည်တွင်းထုတ်အရည်အသွေးမြင့် Hass ထောပတ်သီးများကို စင်ကာပူနှင့် ထိုင်းနိုင်ငံကို အဓိကထား တင်ပို့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ပြည်တွင်းမှစိုက်ပျိုးထွက်ရှိတဲ့ ထောပတ်သီးများကို မလေးရှား ဈေးကွက်သို့ စမ်းသပ်တင်ပို့နိုင်ခဲ့ပြီး လက်ရှိတွင်လည်း အိန္ဒိယနိုင်ငံကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် အနည်းငယ်ကို စတင်တင်ပို့လျက်ရှိပါတယ်။

မြန်မာနိုင်ငံတွင် ထောပတ်သီးစိုက်ဧက ၂၅,၀၀၀ ရှိပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် စိုက်ပျိုးကြကြောင်း သိရပါတယ်။