(ပြည်တွင်း) အောက်တိုဘာ ၂၇

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို တတိယအကြိမ် ပြင်ဆင်တဲ့နည်းဥပဒေများ အောက်တိုဘာလ ၂၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်း ဥပဒေ ပုဒ်မ(၂၁) ပါ ငွေကျပ်သိန်း ၁၅၀ ဆိုတဲ့ စကားရပ်ကို ငွေကျပ် သိန်း ၃၀၀ နဲ့လည်းကောင်း၊ ငွေကျပ်သိန်း ၃၀၀ ဆိုတဲ့စကားရပ် ကို ငွေကျပ်သိန်း ၅၀၀ ဆိုတဲ့စကားရပ်နဲ့ အသီးသီး အစားထိုးပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။
ယခုပြင်ဆင်မှုက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်း ဥပဒေများအခန်း(၄)ပါတီရန်ပုံငွေ ငွေကြေး ပစ္စည်းများ ထိန်းသိမ်းခြင်း သုံးစွဲခြင်း အခန်းတွင်ပါဝင်ပြီး ရွေးကောက်ပွဲ အသုံးစရိတ်များကို ယခုပြင်ဆင်ချက်အရ တိုးမြှင့်သတ်မှတ်ပေးခြင်းလည်း ဖြစ်ပါတယ်။
ပုဒ်မ (၂၁) အရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးစီအတွက် ရွေးကောက်ပွဲအသုံးစရိတ်ကို ကျပ်သိန်း ၃၀၀ ထိ တိုးမြှင့်သတ်မှတ်ပေးခြင်း ဖြစ်ကြောင်း သိရပါတယ်။
ထို့အတူ တိုင်းရင်းသားလူမျိုးဝန်ကြီးနေရာပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးစီအတွက် ငွေကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ အထိ တိုးမြှင့်သတ်မှတ်ပေး ခဲ့ခြင်းလည်း ဖြစ်ပါတယ်။