တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ တရားမဝင်ကုန်ပစ္စည်းတင် မော်တော်ယာဉ်များနှင့် ရေယာဉ်ဖမ်းဆီးရမိ

(မှုခင်း) အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ကံကြီးကုန်းကျေးရွာအနီး၌ အောက်တိုဘာ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၃၈ မျိုး၊ လူသုံးကုန်ပစ္စည်း ၃၂ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၁၆ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၂၂၆၈၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကို လည်းကောင်း၊ ရေဦးမြို့နယ်အတွင်း၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၉၅၆၈၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပိုကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြိုရွှေသံလွင်တိုးဂိတ်အနီး၌ အောက်တိုဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် မော်‌တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခြောက်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၈၉၂၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် KIA Bongo III Coach တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ မင်းလှမြို့နယ်၊ ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၁၁ ဒသမ ၃၂၈ တန်(ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၁၈၃၉၂၀)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၀၇၅၉၂၀ ကို အမှုတွဲဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ယင်းအပြင် အောက်တိုဘာ ၂၂ ရက်နှင့် ၂၄ ရက်နေ့ တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် သာကေတမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော် ယာဉ်နှစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်လေးစီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၂၀၀၀၀၀ ကို ပိုကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲများက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၃ ရက်တွင် ရန်ကုန်မြို့သာကေတ ဆိပ်ကမ်း၌ မြိတ်မြို့မှ ရန်ကုန်မြို့သို့ဆိုက်ကပ်လာသည့် ရေယာဉ်တစ်စင်းပေါ်မှတရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၀၅ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၆၄ မျိုး၊ စားသောက်ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၆၇၈၃၁၀၁၈)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် MV.တော်ဝင်နန်းရေ ယာဉ်တစ်စင်း (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၇၀၀၀၀၀၀၀၀)ကို လည်းကောင်း၊ အောက်တိုဘာ ၂၄ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၇၁၂၀၀၀၀)ကို လည်းကောင်း၊ ညောင်ခါးရှည် အမြဲတမ်း စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း  ၁၁ မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၆၆၄၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck နှစ်စီး၊ Hin Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၄၀၆၁၅၀၁၈ ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်၊  ၂၃ ရက် နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၅၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၇၃၄၅၈၉၃၈)ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ နိုင်ငံတော်၏စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့် အတား ဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုးသက်ရောက်ခြင်းများကြောင့် ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှသတင်းရရှိသည်။

PAN