(ပြည်တွင်း) အောက်တိုဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ်(၂)မှာ အမည်စာရင်းတင်သွင်းထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်းစာရင်းက ပယ်ဖျက်လိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။

အခုလိုပယ်ဖျက်လိုက်တာဟာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နဲ့ငြိစွန်းနေတာကြောင့် ပယ်ဖျက်တာလို့ ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။
အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) တွင် “နိုင်ငံတော်နှင့်ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်သူ” လို့ဖော်ပြထားတာတွေ့ရပါတယ်။
ကွန်ဒိုအိမ်ရာစီမံကိန်းတွေကြောင့် ငွေကျပ်ဘီလျံ ၁၀၀ ကျော် အကြွေးတင်နေတဲ့အတွက် ဒေါ်သက်သက်ခိုင်ဟာ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခံရတာလို့ သတင်းအချို့ထွက်ပေါ်နေတဲ့အပေါ် မီဒီယာတွေရဲ့မေးမြန်းချက်အပေါ် UEC က အတည်ပြုဖြေကြားလိုက်တာဖြစ်ပါတယ်။

“ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေအရ လိုအပ်ချက်လေးတွေရှိလို့ ကျွန်တော်တို့က ဒါလေးတွေကို ပြန်ပြီးတော့ ဖြေရှင်းပေးနေတာပါ။ Process သွားနေပါတယ်။ ပြီးရင် တရားဝင် ထုတ်ပြန်ကြေညာပေးပါမယ်”လို့ ပါတီဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောဟန်အေးက မီဒီယာကို ဖြေကြားထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်းတွေအတွက် နေ့ရက်တွေ သတ်မှတ်ကြေညာပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်တဲ့အတွက် အယူခံတင်သွင်းရမယ့် ကာလစည်းကမ်းသတ်မှတ်ချက် ကျော်လွန်ပြီး ဖြစ်တယ်လို့ ပြောဆိုထားပြီးဖြစ်ပါတယ်။
ဒေါ်သက်သက်ခိုင်ဟာ နိုင်သူအကုန်ယူ စနစ်နဲ့ ကျင်းပမယ့် ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားတာဖြစ်ပါတယ်။
လွှတ်တော်အလိုက် မဲဆန္ဒနယ်အသီးသီးမှာ အမည်စာရင်းတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်း ၅၀၂၃ ဦးရှိပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်မှု မရှိတဲ့အတွက် ပယ်ဖျက်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ၈၆ ဦး ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
#PAN